Friday, July 2, 2010

. .

ဖီဖာနှင့် ဘောလုံးပြဿနာ

ဒေါက်တာ စိုးသိန်း | သောကြာနေ့၊ ဂျူလိုင်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၃၁ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

၂ဝ၁ဝ ဖီဖာကမ္ဘာ့ဖလားပွဲမှာ အသုံးပြုနေတဲ့ ဘောလုံးတွေအပေါ် ဘောလုံးသုတေသီတွေက ဘောလုံးက ကောင်းလွန်းနေတာဟာ သိပ်တော့ မကောင်းဘူးလို့ သုံးသပ်လိုက်ကြပါတယ်။ သုတေသီတွေ ဆိုလိုတာက ဘောလုံးဟာ လုံးချောနေလွန်းတဲ့အတွက် လေထဲမှာ ပျံဝဲတဲ့အခါ တည့်တည့်မသွားတာကို လေ့လာတွေ့ရှိကြရကြောင်း ပြောပါတယ်။ အဲဒီသုံးသပ်ချက်ကြောင့် အခု တောင်အာဖရိကမှာ ရောက်နေကြတဲ့ ဂိုးသမားတွေ ထိတ်လန့်တုန်လှုပ်သွားကြပါတယ်။်

ဒီနှစ် ကမ္ဘာ့ဖလားပွဲအတွက် အဲဒီးဒါ့စ် (Adidas) ကုမ္ပဏီလုပ် ဘောလုံးကို ဖီဖာက ရွေးချယ်ခဲ့ပါတယ်။ စပိန်ဂိုးသမား Iker Casillas က ဘယ်လိုကြီးမှန်း မသိဘူးလို့ ပြောသလို၊ အီတလီရဲ့ ထိပ်တန်း ဂိုးသမား Gianluigi Buffon ကလည်း ဘောလုံးလာပုံက မှန်းလို့ မရဘူးလို့ ဆိုပါတယ်။ ဘရာဇီးလ် ဂိုးသမား Julio Cesar ကတော့ ဈေးထဲက သွားဝယ်တဲ့ ဘောလုံးတလုံးကမှ ကောင်းလိမ့်ဦးမယ်လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံ Marseille ရှိ Science of Movement Institute မှ ဒုတိယ ညွှန်ကြားရေးမှူး Eric Berton က ဒီဘောလုံးရဲ့ ပြဿနာက ဘာလဲဆိုတော့ ချုပ်သားတွေက ချုပ်သားပျောက် (အတွင်းချုပ်) ဖြစ်နေလို့ ဘောလုံးဟာ လုံးဝ လုံးချောနေတာပါတဲ့။

တင်းနစ်ဘောတို့၊ ဂေါ့ဖ်ဘောလုံးတို့၊ ဘေ့စ်ဘောလုံးတို့ဟာ လုံးဝ လုံးချောနေတာမျိုး မဟုတ်လို့၊ မျက်နှာပြင် ချောနေတာမျိုးတို့ မဟုတ်တော့ ရိုက်ပြီး၊ ကန်ပြီး ထွက်သွားတဲ့အခါ ဘောလုံးလမ်းကြောင်းက တည်ငြိမ်မှုရှိပြီး လိုရာကို ရောက်သွားနိုင်တဲ့ သဘောရှိပါတယ်။ အနားစောင်းရှိနေတာတို့၊ အပြင်ချုပ်သားနဲ့ ပြုလုပ်ထားတာတို့ကြောင့် တင်းနစ်ဘောလုံးကို လည်သွားအောင် ရိုက်နိုင်သလို ဘေ့စ်ဘော ဘောလုံးကိုလည်း ဝိုက်ပြီး ပစ်နိုင်ပါတယ်။

ဖီဖာဘောလုံးမှာလည်း ချုပ်သားတလျှောက် မြောင်းတွေ ရှိနေတယ်ဆိုပေမယ့် ဘောလုံးသွားပုံက လိုသလို မရောက်တာကို တွေ့ရပါတယ်လို့ ဆိုကြပါတယ်။ အဲဒီလို လုံးချောနေတဲ့အတွက် ဘောလုံးကို ကန်လိုက်တဲ့အခါ ခြေထောက်နဲ့ ဘောလုံးထိချိန်ဟာ တိုတောင်းသွားပါတယ်လို့ မစ္စတာ Berton က ပြောပါတယ်။ ဒီတော့ ကန်လိုက်တဲ့အခါ ဘောလုံးက လည်မသွားဘူး။ လိုတဲ့ အကွာအဝေးထိလည်း မရောက်ဘူး။ လေထဲမှာ ဝဲပျံနေပြီး ဘယ်ကိုသွားမယ်ဆိုတာ ကန်တဲ့သူရော၊ ဖမ်းတဲ့သူပါ တွက်လို့မရဘူးလို့  AFP သတင်းဌာနကို သူက ပြောပါတယ်။

ဂျပန်နိုင်ငံ Tsukuba မှာရှိတဲ့ Takeshi Asai University နဲ့ Kazuya Seo of Yamagata တက္ကသိုလ်တို့မှာ လေကြောပြေး စမ်းသပ်ချက်လုပ်တဲ့အခါ စက်နဲ့ လုပ်ထားတဲ့ ဒီ ဖီဖာဘောလုံးဟာ တကယ့်လုံးချောနီးပါး ဖြစ်နေတာမို့ လေထဲဝဲပျံနေတဲ့အချိန်မှာ ရုတ်တရက် နှေးသွားတာကို တွေ့ရှိရပါတယ်။ အဲဒီအချက်ဟာ ဘောလုံးသမားတွေအတွက် အခက်အခဲကြီးတခု ဖြစ်စေပါတယ်။

သြစတြေးလျနိုင်ငံ Adelaide University က သုတေသီ မစ္စတာ Derek Leinweber က ကွန်ပြူတာနဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပြီး၊ အခုသုံးနေတဲ့ ဖီဖာဘောလုံးတွေဟာ အရင်ဖီဖာပွဲတွေမှာ သုံးခဲ့တဲ့ ဘောလုံးတွေထက် အသွားမြန်တာကို တွေ့ရှိရပါတယ်။ အဲဒီတော့ ဂိုးသမားတွေဟာ ဘောလုံးလာတဲ့ လမ်းကြောင်းကို အတော်မှန်းရခက်ပါလိမ့်မယ်လို့ သုံးသပ်ပြပါတယ်။

ဖီဖာကတော့ အခုသုံးနေတဲ့ ဘောလုံးတွေဟာ ထိန်းသိမ်းရလွယ်ကူတယ်၊ အသွားလမ်းကြောင်းမှန်တယ်၊ ကန်ချက်လည်း မိမိရရ ရှိနိုင်ပါတယ်လို့ဆိုပြီး အများပြောဆိုချက်တွေကို ငြင်းဆိုပါတယ်။

Adidas ဂျာမန်ကုမ္ပဏီကလည်း သူတို့လုပ်တဲ့ ဘောလုံးတွေဟာ ဖီဖာက သတ်မှတ်ထားတဲ့ အဆင့်အတန်း ညွှန်ကြားချက်အတိုင်း အလေးချိန်၊ အရွယ်အစား၊ ခုန်နိုင်စွမ်းအားနဲ့ အပူချိန်အပြောင်းအလဲတွေအပေါ် တွက်ချက်ထုတ်လုပ်ထားတာလို့ ကာကွယ်ပြောဆိုပါတယ်။ သူတို့ထုတ်လုပ်တဲ့ ဘောလုံးဟာ အဲဒီအချက်တွေနဲ့ ပြည့်စုံတဲ့အပြင် အကောင်းဆုံး ဘောလုံးတွေလို့သာ ပြောဆိုသွားပါကြောင်း …။်

No comments:

Post a Comment