Thursday, July 8, 2010

. .

စံခရဘူရီအနီး ကားမှောက်၊ မြန်မာပြည်သား (၉) ဦး ဒဏ်ရာပြင်းထန်

မြတ်ခိုင်ဦး / ၀၇ ဇူလိုင် ၂၀၁၀

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအား တင်ဆောင်လာသည့် မော်တော်ယာဉ်တစီး တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် လူ (၉) ဦးဒဏ်ရာ အပြင်းအထန်ရရှိပြီး (၂၉) ဦးမှာ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုင်းနိုင်ငံ အနောက်ပိုင်း၊ ကန်ချနဘူရီ ခရိုင်အတွင်းရှိ၊ မြန်မာနယ်စပ်ဘက် ဘုရားသုံးဆူနှင့်ကပ်လျက် စံခရဘူရီမြို့အဝင် နမ့်ကုတ် (စံခလယ်) ချောင်းတံတားအနီးတွင် ယမန်နေ့ည (၁၂) နာရီခွဲခန့်က အဆိုပါကား တိမ်းမှောက်ခြင်းဖြစ်သည်ဟု ထိုင်းအစိုးရ သတင်းရပ်ကွက်နှင့်နီးစပ်သူတဦးထံမှ သိရသည်။

ဒဏ်ရာအပြင်းအထန်ရရှိသူ (၉) ဦးမှာ စံခရဘူရီဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရကာ အာဏာပိုင်များက မည်သူ့ကိုမှ တွေ့ခွင့်မပေးသေးဟု သိရသည်။

“ကားက ဟိုင်းလပ်ကား၊ နခွန်ပသွန်ခရိုင်မှာ မှတ်ပုံတင်ထားတဲ့ကား၊ မောင်းတဲ့သူကတော့ ထွက်ပြေးသွားတယ်။ ညဦးပိုင်းကတော့ ဖြစ်ဖြစ်ချင်း ဒဏ်ရာနည်းတဲ့သူတွေကို ဆေးထည့်ပြီး မနက်မှာ စစ်ချက်ယူတယ်။ ဒီနေ့ ညနေ (၄) နာရီမှာ တဖက်ကမ်းကို ပြန်ပို့လိုက်ပြီ” ဟု ထိုင်းအစိုးရ သတင်းရပ်ကွက်နှင့်နီးစပ်သူတဦးက ခေတ်ပြိုင်သို့ပြောသည်။

အဆိုပါပြန်လွှတ်လိုက်သည့်သူများမှာ အမျိုးသား (၂၀) ဦးနှင့် အမျိုးသမီး (၉) ဦးတို့ဖြစ်ပြီး မွန်ပြည်နယ်မှ ဖြစ်ကြကြောင်း၊ အကယ်၍ အဆိုပါကားသည် တိမ်းမှောက်ခြင်းမရှိပါက လွတ်မြောက်သွားနိုင်သည့် အနေအထားရှိကြောင်း၊ ကားတိမ်းမှောက်သောနေရာသည် စံခရဘူရီမြို့ကို ပတ်၍သွားရသော လမ်းပေါ်တွင်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ထိုင်းအစိုးရမှ လူကုန်ကူးမှု ပပျောက်ရေး၊ တရားမဝင် အလုပ်သမား နှိမ်နင်းရေးဟုဆိုကာ အလုပ်သမားများအား လိုက်လံရှာဖွေ ဖမ်းဆီးရန် ပြီးခဲ့သည့်လ (၂) ရက်တွင် ထိုင်းဝန်ကြီးချုပ် အဘီဆစ်က လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ထားပြီး ဖမ်းဆီးမှုများ ဆောင်ရွက်နေသည်။

သို့ရာတွင် မဲဆောက်၊ ရနောင်း စသော ဒေသများအပါအဝင် အခြားသောနယ်စပ်လမ်းများမှ နည်းလမ်းပေါင်းစုံဖြင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ ပြီးခဲ့သည့် မေ (၃) ရက်၌လည်း အဆိုပါ အနီးတဝိုက်ရှိ စနီဖောင်းကျေးရွာအဝင်တွင် မြန်မာပြည်သား (၁၀၃) ဦးကို ဖမ်းဆီးမိခဲ့သည်။

No comments:

Post a Comment