Friday, October 8, 2010

. .

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေနေ သတ္တဝါများ နေထိုင်မှုအလေ့အထပြောင်း

ဒီမြင်ကွင်းမျိုးနဲ့ဆို ကြည်လင်သန့်ရှင်းနေတဲ့ ပင်လယ်ရေထဲမှာ စိတ်လွတ်ကိုယ်လွတ် ရေကူးပျော်မြူးချင်သူတွေတောင် အကြောက်အကန် ခေါင်းခါကြမှာပါ။ ကမ်းခြေနဲ့ ကိုက်နည်းနည်းလောက်ပဲ ကွာတဲ့နေရာမှ ကူးခတ်နေတဲ့ (၁၂)ပေရှည်တဲ့ ငါးမန်းကြီးကိုမြင်ရင် ဘယ်လိုသတ္တိရှင်မျိုးကမှ ရေထဲဆင်းမှာ မဟုတ်ပါဘူး။ Basking Sharkလို့ခေါ်တဲ့ အဲဒီငါးမန်းကြီးဟာ ကွန်းဝဲလ်က ပေါ့သူကာနို ကမ်းခြေနားကို ကူးခတ်လာတဲ့ မြင်ကွင်းကို အပမ်းဖြေ လာရောက်သူတွေ တအံ့တဩနဲ့ ကြည့်နေခဲ့ကြရပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေနေသတ္တ၀ါကြီးတွေ အလေ့အထ ပြောင်းလဲပြီး ကမ်းခြေနား ပိုနီးနီးကပ်ကပ် ကျက်စားလာတာကြောင့် ခုလိုငါးမန်းကြီးတွေကို လူတွေက နီးနီးကပ်ကပ် မြင်ခွင့်ရတာဖြစ်ပါတယ်။

(၃၆)ပေ အရှည်ထိ ကြီးထွားနိုင်တဲ့ အဲဒီငါးကြီးတွေဟာ ကြောက်စရာ အသွင်အပြင် ရှိပေမယ့်လည်း တကယ့်တကယ်တမ်းတော့ လူကိုအန္တရာယ် လုံးဝမပေးတဲ့ သတ္တ၀ါတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဗြိတိန်ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ပင်လယ်နေ သက်ရှိတွေထဲမှာတော့ အကြီးဆုံးပါပဲ။ နောက်ပြီးတော့ ငါးအားလုံးနဲ့ ငါးမန်းမျိုးစိတ် အားလုံးထဲမှာ ဒုတိယအကြီးဆုံးပါ။ သူတို့ထက် ပိုကြီးတဲ့ ငါးမန်းမျိုးစိတ်ဆိုလို့ ကမ္ဘာ့တောင်ခြမ်းမှာ ကျက်စားတဲ့ ဝေလငါးမန်းကြီးတွေပဲ ရှိတော့ပြီး အဲဒီသတ္တ၀ါကြီးတွေကလည်း ငါးသေးသေးလေးတွေကိုသာ စားသောက်ပြီး လူကိုဒုက္ခမပေးဘူးလို့ ဆိုပါတယ်။ Basking Sharkငါးမန်းတွေဟာလည်း အကောင်သေးသေး၊ မျှောလှေးတွေကိုသာ စားလေ့ရှိပြီး အကောင်ကြီးသလောက် ယဉ်ပါးတဲ့ ငါးကြီးတွေလို့ ဆိုပါတယ်။ သူတို့တွေဟာ နွေရာသီဆိုရင် ကမ်းခြေနားထိ ရောက်လာတတ်တယ်လို့လည်း သိရပါတယ်။ ဒီငါးမန်းကြီးတွေမှာ အံ့ဩစရာကောင်းလောက်အောင် ကြီးမားပေမယ့် သွားစွယ်တွေမပါတဲ့ ပါးစပ်ကြီးတွေကြောင့် ပါးစပ်ပြဲငါးမန်းလို့လည်း အခေါ်ခံရပါသေးတယ်။

အဲဒီငါးမန်းကြီးတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတရစရာ တချို့ကတော့ အောက်မှာဖော်ပြထားတဲ့ အတိုင်းပါပဲ။

- Basking Shark ငါးမန်းတွေရဲ့ သိပ္ပံနာမည်က cetorhinus maximusဖြစ်ပြီးတော့ ငါးတွေအားလုံးထဲမှာ ဒုတိယအကြီးဆုံးပါ။ (ဝေလငါးတွေကို ငါးအုပ်စုထဲမှာ မပါဘဲ နို့တိုက်သတ္တ၀ါ စာရင်းမှာ ထည့်သွင်းထားပါတယ်)

- သူတို့တွေဟာ ရေပေါ်တက်ပြီး ခပ်ဖြည်းဖြည်း ပေါလောမျှောပြီး နေပူစာလှုံတတ်တာကြောင့် Basking Sharkဆိုတဲ့ နာမည်ကို ရလာတာပါ။ သူတို့ဟာ ရေမျက်နှာပြင်အထက်ကိုလည်း ခုန်နိုင်စွမ်းရှိပါတယ်။

- အရွယ်က (၃၆)ပေထိ ကြီးထွားနိုင်ပြီး (၇)တန်အလေးချိန်ထိ ရှိနိုင်ပါတယ်။ ဗြိတိန်မှာတော့ ရှိသမျှ တိရစ္ဆာန် အားလုံးမှာ အကြီးဆုံးပါပဲ။

- သူတို့ရဲ့ ပါးဟက်က စစ်ထုတ်လိုက်တဲ့ ရေပမာဏဟာ တစ်နာရီကို အိုလံပစ်ရေကူးကန်ကြီး တစ်ခုထဲမှာ ဖြည့်လို့ပြည့်လောက်တဲ့ထိ ရှိနေပါတယ်။

- ဗြိတိန်မှာတော့ သူတို့ကို မျိုးမသုဉ်းအောင် ကာကွယ်ပေးရမယ့် မျိုးစိတ်စာရင်းမှာ ထည့်ပေးထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အသား၊ အဆီနဲ့ အရိုးနုကို လိုချင်သူတွေကြောင့် ကမ္ဘာတ၀ှမ်းမှာ ဒီငါးကြီးတွေ အတုံးအရုံး အသတ်ခံနေရရှာပါတယ်။

- အာရှဒေသရဲ့ အကျော်ကြားဆုံး အစားအစာ တစ်ခုဖြစ်တဲ့ ငါးမန်းတောင်ဟင်းချိုအတွက် အဓိက အသက်စတေးခံနေရတဲ့ ငါးမန်းမျိုးစိတ်ဟာ သူတို့ပါပဲ။ အဲဒီငါးမန်းကြီး တစ်ကောင်ရဲ့ ဆူးတောင်တစ်ခုထဲတင် ပေါင်စတာလင် (၅၀၀၀)လောက် တန်ကြေးရှိပါသတဲ့။

- သူတို့ဟာ တစ်နာရီ (၅)မိုင်ထက်ပိုမြန်အောင် ရေမကူးနိုင်ပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်ကြီးတွေကို ဘေးတိုက်မျှောပြီး ရွေ့လျားလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့အမြီးပိုင်း ဖွဲ့စည်းပုံက တခြားငါးမန်းမျိုးစိတ်တွေနဲ့ မတူတာကြောင့် ရေမြန်မြန်မကူးနိုင်တာ ဖြစ်ပါတယ်။

Source: PLANET

No comments:

Post a Comment