Friday, October 8, 2010

. .

အောက်တိုဘာလအတွက် (၇)နေ့ဗေဒင်


Print

တနင်္ဂနွေ သားသမီးများ

တနင်္ဂနွေ သားသမီးများအတွက် ယခုလမှာ အညံ့များနိုင်ပါတယ်။ ကျန်းမာရေး အထူးဂရုပြု ရပါမယ်။ လူကောင်းများပင် ရှောင်တခင် မကျန်းမမာ ဖြစ်တတ်ပါတယ်။ နာတာရှည်ရောဂါ ရှိသူများ အထူးဂရုပြုပါ။ ရောဂါတိုးတတ်ပါတယ်။ ဒီကြားထဲ အိမ်ထောင်ရှိသူများမှာ အိမ်ထောင်ရေး/ အိမ်တွင်းရေး ပြဿနာ တက်ဖွယ်ရှိပါတယ်။ ၀န်ထမ်းများ အထက်လူကြီး၊ ကိုယ့်ဆရာသမားများနှင့် ပဋိပက္ခ ဖြစ်စရာ ရှိပါတယ်။

ပညာသင်ကြားနေသူများ ပညာရေး အညံ့ပြနေပြီး စာမေးပွဲ ဖြေဆိုမည့်သူများ ခြေချော်လက်ချော် ဖြစ်တတ်ပါတယ်။ အချို့ တနင်္ဂနွေ သားသမီးများ ငွေကြေးကိစ္စ အရှုတ်အရှင်း ဖြစ်ရဖွယ် ရှိပါတယ်။ အချို့ဝန်ထမ်းများ ရာထူး အပြောင်းအလဲ ဖြစ်တတ်ပါတယ်။ ကိုယ်မယူချင်တဲ့ ရာထူး/နေရာ များကို ရောက်တတ်ပါတယ်။

တစ်ချို့သော တနင်္ဂနွေ သားသမီးများမှာ ပြဿနာများ ၊ အခက်အခဲများကြားမှ “စိုင်ကော်လို့ ခြုံပေါ်ရောက်” တဲ့ ကိန်းမျိုးလည်း ရှိပါတယ်။ (ဆိုးပြီ ဆိုးပြီလို့ ထင်နေရာက ရုတ်တရက် ထ,ကောင်းတာမျိုးပေါ့ – နာမည်မှာ “တနင်္ဂနွေ + ဗုဒ္ဓဟူး” အစ+အဆုံး မှည့်ထားသူများ ဒီလိုဖြစ်ဖို့ကိန်း ရှိပါတယ်)။

ခရီးသွား လုပ်ငန်း ၊ အနုပညာလုပ်ငန်း ၊ အမျိုးသမီး အလှအပပစ္စည်းဆိုင်ရာ လုပ်ငန်းများဖြင့် အသက်မွေးသူ တနင်္ဂနွေသားသမီး များတော့ ကံဇာတာ အနည်းငယ်တိုးတက်ကောင်းမွန်မှု ရှိပါတယ်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စမှာ အဆင်ပြေနေပါမယ်။ ပညာရေးကံ သိပ်အဆိုးကြီး မဟုတ်ပေမယ့် သက်သက်သာသာနဲ့ အောင်မြင်ခွင့် မရှိပါ။ အထူးကြိုးစားရပါမယ်။

ယတြာလုပ်လိုသူများအတွက် – မွေးနေ့ တနင်္ဂနွေနေ့မှာ အုန်းသီးတစ်လုံးကို ခွဲစိတ်ပြီး ကလေးငယ်များအား ဝေငှကျွေးမွေးလိုက်ပါ။ ကိုယ်တိုင် မစားရပါ။

တနင်္လာ သားသမီးများ

တနင်္လာ သားသမီးများအတွက် ယခုလမှာ အကောင်း/အညံ့ တွဲဖက်နေပါမယ်။ ကျန်းမာရေး နဲ့ ငွေကြေးကိစ္စ အညံ့ရှိပါတယ်။ ၀န်ထမ်း အလုပ်လုပ်ကိုင်နေသူများ ရာထူးတက်ကိန်း ရှိပါတယ်။ သို့မဟုတ် အထက်လူကြီးရဲ့ အရေးပေးမှု၊ ကူညီမ,စမှုများ ရရှိတတ်ပါတယ်။ အစိုးရနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူများ အကျိုးများလိမ့်မယ်။ တနင်္လာ ၊ အင်္ဂါ ၊ စနေ သက္ခတ်များအတွင်း ရောက်နေသူများ Car Accident များ ကြုံရဖွယ် ရှိပါတယ်။ ခွဲစိတ်ကုသ ခံရကိန်းမျိုးလည်း ရှိတတ်ပါတယ်။

လူမှုဆက်ဆံရေး ၊ ပြင်ပ ဆက်ဆံရေး လုပ်ငန်းများမှာ တိုးတက်မှုများ ခံစားရဖွယ်ရှိပြီး မိတ်ကောင်းဆွေကောင်းများကြောင့် အကျိုးကျေးဇူးများ ခံစားရ တတ်ပါတယ်။ သားသမီးအပေါ် မှီခိုနေရသူများ သားသမီးများ၏ အထောက်အပံ့ကို ယခုလမှာ ထူးထူးခြားခြား ခံစားရဖွယ် ရှိပါတယ်။ စာပေအနုပညာ ၊ စာ/နယ်/ဇင်း လုပ်ငန်းများဖြင့် အသက်မွေးသူများ ကံကောင်းမည့် လ, ဖြစ်တယ်။

စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း နဲ့ ချွန်ထက်တဲ့ ပစ္စည်းများ ကိုင်တွယ်ရာမှာ သတိထားပါ။ ဖခင် (သို့) အုပ်ထိန်းသူ နဲ့ အနည်းငယ် စကားများရကိန်း ရှိတယ်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စ ပြဿနာ အကြီးအကျယ်တက်ကိန်း ရှိပါတယ်။ စကားများ ရန်ဖြစ်ရတတ်ပြီး နဂိုကတည်းက အဆင်မပြေ ဖြစ်နေသူများ လမ်းခွဲရကိန်းတောင်မှ ရှိတတ်ပါတယ်။

ယတြာ ပြုလုပ်လိုသူများအတွက် – တနင်္လာနေ့တစ်နေ့မှာ ဘုရားမှာ ရွှေသင်္ကန်း ကပ်လှူ လိုက်ပါ။ သို့မဟုတ် ရွှေသင်္ကန်း အလှူငွေ ထည့်ဝင်လိုက်ပါ။

အင်္ဂါသားသမီးများ

အင်္ဂါသားသမီးများအတွက် ယခုလမှာ အပြောင်းအလဲ တစ်ခုခု ကြုံတွေ့နိုင်တဲ့ လ, ဖြစ်တယ်။ နေရာထိုင်ခင်း ပြောင်းလဲခြင်း ၊ အလုပ် ပြောင်းလဲခြင်းများ ဖြစ်နိုင်တယ်။ အပြောင်းအလဲများဟာ မိမိမထင်မှတ်ထားတဲ့ အပြောင်းအလဲများ ဖြစ်တတ်ပြီး စိတ်တိုင်းကျဖွယ် မရှိပါ။ ဒီကြားထဲမှာ ကျန်းမာရေးကလည်း ချူခြာနေပါမယ်။ အမျိုးသမီးဆိုရင် သားအိမ် နှင့် ပတ်သက်သော ရောဂါများ ၊ အမျိုးသားဆိုလျှင် ဆီး ၊ ဆီးကျိတ်ရောဂါများ ဖြစ်တတ်ပါတယ်။

အချို့ အင်္ဂါသားသမီးများ မျက်စေ့အားနည်းမှုကြောင့် ဒီလထဲမှာ မျက်မှန်တပ်ရဖွယ် ရှိပါတယ်။ အင်္ဂါသားသမီးများ ဒီလထဲမှာ ထူးထူးခြားခြား သတိပေးလိုတာက မိမိလက်ရှိနေအိမ်မှ “အနောက် တည့်တည့်” အရပ်သို့ ခရီးမသွားစေလိုပါ။ သွားလျှင် ဘေးဥပဒ် ကြုံခြင်း ၊ ခရီးသွားရမှ အနာအဖျားဝင်လာခြင်း ၊ ကျန်းမာရေး ထိခိုက်ခြင်းများ ဖြစ်ရဖွယ် ရှိပါတယ်။ ဒီလမှ ဖြစ်နိုင်လျှင် ခရီးမသွားသင့်ပါ။

ဘာသာရေး / အလှူအတန်းကိစ္စများ ထူးထူးခြားခြား ဆောင်ရွက်ရဖွယ် ရှိပါတယ်။ ပညာရပ်အသစ် တစ်ခု ဆည်းပူးခွင့် ကြုံနိုင်ပါတယ်။ ဒီလထဲမှာ ငွေကြေးကိစ္စတော့ တနည်းနည်းနဲ့ အဆင်ပြေနေလိမ့်မယ်။ တစ်ချို့ အင်္ဂါ သားသမီးများ ငွေစုငွေပုံ ရကိန်း ရှိတတ်တယ်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စ အဆင်မပြေလှပါ။ မိမိချစ်သူက အထင်လွဲခြင်း (သို့) မိမိက အထင်လွဲခြင်း ကိစ္စများ ဖြစ်ပွားတတ်ပါတယ်။ ပညာရေး ကိစ္စတော့ ကံကောင်းနေပါမယ်။

ယတြာပြုလုပ်လိုသူများအတွက် – အင်္ဂါနေ့တစ်နေ့မှာ “မုန့်လက်ကောက်” (၅)ခု နှင့် “ထန်းလျှက်ရည်” ကို မိမိနေအိမ်ဘုရားမှာ ကပ်လှူပေးပါ။ ကိုယ်တိုင်လည်း စားပါ။ မုန့်လက်ကောက် မရနိုင်လျှင် မုန့်လက်ကောက်နှင့် အလားသကဏ္ဍန်တူသော “ဒိုးနပ်စ်” မုန့်ကို ကပ်လှူပေးပါ။

ဗုဒ္ဓဟူးသားသမီးများ

ဗုဒ္ဓဟူးသားသမီးများအတွက် ယခုလမှာ ကံဇာတာ အထူးတိုးတက်ကောင်းမွန်ဖွယ် ရှိပါတယ်။ အထူးသဖြင့် လူမှုဆက်ဆံရေးလုပ်ငန်း၊ ၀န်ဆောင်မှုဆောင်လုပ်ငန်း ၊ စာပေ နှင့် စာ/နယ်/ဇင် လုပ်ငန်းများ လုပ်ကိုင်နေသူများ နာမည်ကျော်ကြားကိန်း ရှိပါတယ်။ နာမည်တစ်လုံး ပေါက်မြောက် ကျော်ကြားနိုင်မယ့် လ, တစ်လဖြစ်ပါတယ်။ ဗုဒ္ဓဟူးသက္ခတ် ၊ ရာဟု သက္ခတ် နှင့် တနင်္လာ သက္ခတ် များအတွင်း ရောက်နေသူများ ပိုမို ထင်ရှား သိသာနိုင်ပါတယ်။ ငွေကြေးကံ လည်း အထူးကောင်းနေပြီး ငွေကြေး အမြောက်အများ ၀င်ကိန်း ရှိနေပါတယ်။

တနင်္လာ နှင့် စနေ သက္ခတ် များအတွင်း ရောက်နေသူများ ထီပေါက်ကိန်း ရှိပါတယ်။ မိတ်ကောင်းဆွေကောင်းများ၏ အကူအညီ ၊ အားပေးထောက်ခံမှုကို အများဆုံး ရရှိနိုင်မယ့် လ, ဖြစ်ပါတယ်။ ကျန်းမာရေးကတော့ နည်းနည်း ချူခြာနေမယ်။ လေရောဂါ၊ လေပွရောဂါ ၊ အာရုံကြောရောဂါ ၊ အိပ်မပျော်ရောဂါများ ဖြစ်နိုင်ပါတယ်။ အိုးအိမ်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ညစ်စရာ ကိစ္စ အနည်းငယ် ကြုံမယ်။ ဒီလထဲ ခရီးသွားလျှင် အဆင်မပြေတဲ့ ကိစ္စတွေ ကြုံတွေ့ရနိုင်ပါတယ်။

ငယ်ရွယ်သူများ အချစ်ရေး အဆင်မပြေဖြစ်ပြီး ချစ်သူ နှင့် ကတောက်ကဆ ဖြစ်မယ်။ ပညာသင်ကြားနေသူများလည်း ပညာရေး ကံဇာတာ အားနည်းနေပါတယ်။

ယတြာပြုလုပ်လိုသူများအတွက် - လဘ္ဘက်ခြောက် ကောင်းကောင်းကို ကြွေခရားမှာ နှပ်ပြီး လက်ဘ္ဘက်ရည်ကြမ်းကို မိမိနေအိမ်ဘုရားမှာ ကပ်လှူပါ။ မိမိလည်း သောက်ပါ။ ဒီလ , တစ်လလုံး မကြာခဏ ပြုလုပ်ပေးပါ။

ကြာသပတေး သားသမီးများ

ကြာသပတေးသားသမီးများ ယခုလအတွက် ကံကောင်း ကံညံ့ ရောနှော နေပါလိမ့်မယ်။ ကျန်းမာရေး အသေးစား ချုခြာမှုလေးတွေ ခံစား ရဖွယ် ရှိပါတယ်။ သေသေချာချာ ဆေးကုသမှု မရှိရင် ဘာမဟုတ်တာလေးတွေနဲ့ ရောဂါသက် ရှည်ကြာ နေတတ်တာကို သတိပြုပါ။ အိမ်တွင်းရေး ၊ အိမ်ထောင်ရေး ပြဿနာများ မကြာခဏ ကြုံရပြီး စကားများ ရန်ဖြစ်မှုများ ဖြစ်တတ်ပါတယ်။ ငွေကြေး အရှုတ်အရှင်း ပြဿနာများ ပေါ်ပေါက်တတ်တဲ့လ, ဖြစ်ပါတယ်။

ဒီလထဲ ငွေများများဝင်ရင် ငွေကြေးနောက်က ပြဿနာ လိုက်လာ တတ်ပါတယ်။ မသန့်ရှင်းတဲ့ ငွေဆိုလျှင် ပိုမိုသတိထားပါ။ ဗုဒ္ဓဟူး နဲ့ ရာဟု သက္ခတ်များအတွင်း ရောက်နေသူများ ငွေကြေးကိစ္စ အရှုပ်အရှင်း အထူးဖြစ်ဖွယ် ရှိပါတယ်။ ဒီကိစ္စကြောင့် နာမည်ဂုဏ်သတင်း ကျဆင်းကိန်း ရှိတာကို သတိပြုပါ။ စီးပွားရေး လုပ်ငန်းရှင်များမှာ လူယုံ သစ္စာဖောက်ပြီး မရိုးမသားလုပ်မှုများကြောင့် ထိခိုက်နစ်နာရဖွယ် ရှိပါတယ်။ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေက သစ္စာဖောက်တာ ၊ မရိုးမသားလုပ်တာမျိုးလည်း ခံရဖွယ် ရှိပါတယ်။

ငယ်ရွယ်သူများ အချစ်ရေးကံ ညံ့နေချိန် ဖြစ်တတ်ပါတယ်။ ပြဿနာ များတတ်ပါတယ်။ ပညာသင်ကြားနေသူ မောင်မယ်များ အတွက်တော့ ကံကောင်းမှုတွေ ရရှိပါလိမ့်မယ်။

ယတြာပြုလုပ် လိုသူများအတွက် - ဘုရားမှာ လဘ္ဘက်အစို ကို ခရမ်းချဉ်သီး ၊ ပဲကြော်များ နှင့် အစုံသုပ်ပြီး ကပ်လှူပူဇော်ပေးပါ။ (မိမိကိုယ်တိုင် မစားရပါ။)

သောကြာသားသမီးများ

သောကြာသားသမီးများဟာလည်း ယခုလမှာ ကံဇာတာ ဆက်လက် တိုးတက်ကောင်းမွန်လျှက် ရှိဦးမယ့် အနေအထားမှာ ရှိပါတယ်။ အထူးသဖြင့် “ဗုဒ္ဓဟူး” “ရာဟု” နဲ့ “သောကြာ” သက္ခတ်များအတွင်း ရောက်နေသူများ ကံဇာတာ အထူးကောင်းမွန်မည့် လက္ခဏာ ရှိပါတယ်။ ယခုလမှာ လူပင်ပန်းခြင်း ၊ စိတ်ပင်ပန်းခြင်း ၊ တာဝန်ဝတ္တရား ကြီးမားခြင်း များကို သောကြာ သားသမီးများ ခံစားရဖွယ် ရှိပေမယ့် ထိုက်တန်တဲ့ အကျိုးရလဒ်ကိုလည်း ရရှိကြပါလိမ့်မယ်။

လူမှုဆက်ဆံရေး လုပ်ငန်းများ ၊ လူမှုဝန်ထမ်းလုပ်ငန်းများ၊ အကျိုးဆောင် လုပ်ငန်းများ ၊ စာပေပညာရှင်များ ၊ အနုပညာရှင်များ အထူးကောင်းစားကြမယ့် လ, တစ်လဖြစ်နိုင်ပါတယ်။ ခရီးတို ခရီးရှည်များ မကြာခဏ ထွက်ရဖွယ် ရှိပါတယ်။ လူငယ်များ “စန်းပွင့်” နေတဲ့ အချိန်ကာလ ဖြစ်ပြီး ချစ်သူကြင်သူ အဖော်မွန်များ ကြုံဆုံ ရတတ်ပါတယ်။ လက်ရှိ ချစ်သူများမှာလည်း မိမိဘက်က “သဒ္ဓါလွန်လို့ တဏှာကျွံ” ရမယ့် ကိစ္စမျိုးတွေ ဖြစ်တတ်ပါတယ်။

မိမိ၏ တာဝန် ၀တ္တရားများ ပေါ့လျောမှုများ ဖြစ်တတ်ပြီး အထက်လူကြီး၏ ဆူပူကြိမ်းမောင်းမှုမျိုး ၊ အပြစ်ပေး ခံရမှုမျိုး ရှိတတ်ပမေယ့် စိုးရိမ်ဖွယ် မရှိလှ ပါ။ ငယ်ရွယ်သူများ ပညာရေးဘက်မှာ စိတ်လေပြီး အားနည်းတတ်ပါတယ်။ အိမ်ထောင်ရှိသူ သောကြာသားသမီးများ ဒီလမှာ အပျော် အပါးများမှု ၊ အလည်လွန်မှုများကြောင့် အိမ်ထောင်ဘက်နှင့် မကြာခဏ စကားများရဖွယ် ရှိပါတယ်။

ယတြာပြုလုပ်လိုသူများအတွက် – သောကြာနေ့ နှင့် ဗုဒ္ဓဟူးနေ့ (၂)ရက်မှာ မိမိနေအိမ်ဘုရားတွင် “သရက်သီး” “သရက်ဖျော်ရည်” “သရက်သီးသကြားလုံး” များ ကပ်လှူပေးပါ။ မိမိကိုယ်တိုင်လည်း မကြာခဏ စားပါ။

စနေသားသမီးများ

ယခုလမှာ စနေသားသမီးများရဲ့ ကံဇာတာဟာ (ယခင်လ,ကလိုဘဲ) ဆက်လက် နိမ့်ပါးဦးမယ့် ပုံပါဘဲ။ ကံသိပ် မကောင်းလှပါ။ စနေ နှင့် အင်္ဂါ သက္ခတ်များအတွင်း ရောက်ရှိနေသူများ ပိုမိုဆိုးဝါးတဲ့ အကျိုးဆက်ကို ခံစားရဖွယ် ရှိပါတယ်။ ထိခိုက်ရှနာခြင်း ၊ Accident ၊ ခွဲစိတ်ကုသခံရခြင်း ၊ သွေးထွက်သံယိုဖြစ်ခြင်းများ ကြုံရဖွယ် ရှိပါတယ်။ မိမိလက်အောက်လူ ၊ အိမ်ဖော် ၊ တပည့်တပန်း စသည်များ ကြောင့် ဒုက္ခကြုံရဖွယ် ရှိပါတယ်။

လူမျိုးခြား ၊ ဘာသာခြားများ ဒုက္ခပေးတတ်ပါတယ်။ မိမိဆွေမျိုးများထဲက မကျန်းမာသူများ ဆေးကုသဖို့ မိမိအိမ်ကို လာရောက်တည်းခို တတ်ပါတယ်။ ဒီလမှာ ကိုယ်တိုင် ဆေးရုံမတက်ရရင်တောင်မှ “အသိမိတ်ဆွေ” “ဆွေမျိုး” များနှင့် ပတ်သက်ပြီး ဆေးရုံဆေးခန်း ရောက်ရဖွယ် ရှိပါတယ်။ ဒီလထဲမှာ ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ အချို့ ကိုယ့်အပေါ်မှာ လူလည်ကျသွားတာမျိုး ၊ ခေါင်းပုံဖြတ်သွားတာမျိုး ကြုံရဖွယ် ရှိပါတယ်။

ရေတိုအကျိုးအမြတ်တစ်ခုအတွက် စပ်တူလုပ်ဖို့ လာခေါ်ရင် ငြင်းလိုက်ပါ။ အလိမ်ခံရလိမ့်မယ်။ အကြောခံရလိမ့်မယ်။ ဒီလမှာ ဘယ်မိတ်ဆွေမှ ကိုယ့်အတွက် မကောင်းဘူး မှတ်ပါ။ ဒီလမှာ ကံကောင်းမှုရယ်လို့ ပြောလောက်အောင်ကို မရှိနိုင်လို့ မိမိကိုးကွယ်ရာ ဘာသာတရားကိုသာ စွဲစွဲမြဲမြဲလုပ်ပါ။ ခိုက်ရန် ဖြစ်ပွားမယ့် ကိစ္စ ဆိုရင် ဝေးဝေးက ရှောင်ပါ။ “ဒါးခုတ်ရာ လက်ရှို” ကိန်း ဆိုက်သွားနိုင်ပါတယ်။ နာတာရှည်ရောဂါသည်များ ရောဂါ တိုးတတ်ပါသည်။

ငယ်ရွယ်သူများအတွက် အချစ်ရေးကံ တစ်ခုကတော့ ကောင်းနေဖွယ် ရှိပါတယ်။ အခက်အခဲများနဲ့ ဆုံတွေ့ချိန်မှာ မိမိချစ်သူက အဖော်ကောင်းသဖွယ် ဖြစ်ပါလိမ့်မယ်။ ပညာသင်ကြားနေကြသူများအတွက် ပညာရေးကံ အညံ့မရှိပါ။

ယတြာပြုလုပ်လိုသူများအတွက် – မွေးနေ့ စနေနေ့တိုင်း သီလရှင်များကို “ဆွမ်းဆန်စိမ်း” လောင်းလှူပေးပါ။ ထို့နောက် သံဃာတစ်ပါးကို “ထီး ၊ ဖိနပ်” တစ်စုံ လှူဒါန်းလိုက်ပါ။

ရာဟု သားသမီးများ(ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း မွေးသူများ)

ယခင်လ အတော်များများမှာ ရာဟုသားသမီးများရဲ့ ကံကြမ္မာဟာ ဗုဒ္ဓဟူးသားသမီးများ နှင့် အလွန်အမင်း ကွာခြားမှု မရှိလှပါ။ ယခုလ (အောက်တိုဘာလ)တွင်မူ ရာဟုသားသမီးများ၏ ကံကြမ္မာသည် ဗုဒ္ဓဟူး သားသမီးများနှင့် ဆန့်ကျင်ဘက် ဖြစ်နိုင်ပါသည်။ ဖြစ်ဖို့များ ပါသည်။ အထူးသဖြင့် ဗုဒ္ဓဟူး ၊ ရာဟု နှင့် စနေ သက္ခတ်များအတွင်း ရောက်နေသူများ အတွက် မကောင်းပါ။

ဘ၀အပြောင်းအလဲကြီး တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အလုပ် ၊ နေရာ ၊ အိမ်ထောင် အပြောင်းအလဲများ ဖြစ်နိုင်ပါသည်။ အထူးသတိထားပြီး နေရမည့် လ, တစ်လဖြစ်ကြောင်းပါ။ အခြားသော နာမည်ကျော်ကြားမှု ၊ လူမှုဆက်ဆံရေး အောင်မြင်မှု ၊ ငွေကြေးကံကောင်းမှုများကိုမူ ဗုဒ္ဓဟူး သားသမီး များအတိုင်း ရရှိနိုင်ပါသည်။ သို့သော် မမျှော်လင့်သော ဘေးဥပဒ် တစ်ခုကြုံဆုံနိုင်ဖွယ် ရှိ၍ ရတနာသုံးပါးကို မမေ့မလျော့ ဘဲလျှက် သတိဖြင့် နေပါ။

ယတြာပြုလုပ်လိုသူများအတွက် – သံဃာတော် (၁၂)ပါးကို ဖြစ်စေ ၊ အဖိုးအဖွာ (၁၂)ဦးကို ဖြစ်စေ “ရဲယို” ဖြင့် ပြုလုပ်ထားသော ကျန်းမာရေး ဓာတ်စာ ဆေးဝါးကို (၁)တစ်ဘူးစီကို “ဆေးဝါးဒါန” ကပ်လှူပူဇော်လိုက်ပါ။ မိမိကိုယ်တိုင် မသုံးဆောင်ရပါ။ ယခုလ တစ်လလုံး “၀က်သား” စားခြင်းကို ရှောင်ကျဉ်ပေးပါ။

source:ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

No comments:

Post a Comment