Thursday, October 7, 2010

. .

ကိုရီးယားစစ်ပွဲ

ကိုရီးယားစစ်ပွဲ
ဖြစ်ပွားခြင်း
နေရာ ကိုရီးယားကျွန်းဆွယ်
ရလာဒ် တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံကွဲသွားခြင်း
နယ်နမိတ် ပြောင်းလဲမှု ၃၈မျဉ်းပြိုင်အတိုင်း နယ်နိမိတ်ခွဲခြားထား












ကိုရီးယားစစ်ပွဲသည် ၁၉၅၀ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ တောင်နှင့် မြောက်ကိုရီးယားအကြား စတင်ခဲ့ပြီး ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ရေးထိုးကာ ရပ်စဲခဲ့သည့် စစ်ပွဲတစ်ရပ်ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးနောက် စစ်အေးခေတ်အတွင်း တောင်နှင့်မြောက်ကိုးရီးယား နှစ်ဘက်၏ နောက်ကွယ်မှ နိုင်ငံပေါင်းများစွာ ပါဝင်စွက်ဖက်ခဲ့သည့် စစ်ပွဲလည်း ဖြစ်သည်။

တောင်နှင့်မြောက် ကိုရီးယားတို့ အပစ်အခတ်ရပ်ဆဲရေး စာချုပ်ရေးထိုးခဲ့သော်လည်း ယနေ့အထိ စစ်ပွဲမှာ လုံးဝ အပြီးသတ်ခဲ့ခြင်း မရှိသေးပေ။ နှစ်ဘက်အကြား မြောက်လတ္တီတွဒ် ၃၈ ဒီဂရီ မျဉ်းကြောင်းရှိ နယ်စပ် လက်နက်မဲ့ဇုန်တွင် မကြာခဏဆိုသလို ကျိုးကြားကျိုးကြား တိုက်ပွဲများ ဖြစ်ပွားဆဲ ဖြစ်သည်။


နောက်ခံသမိုင်း

ကိုရီးယားကျွန်းဆွယ် နိုင်ငံရေးအရ ယခုကဲ့သို့ နှစ်ပိုင်းကွဲသွားရခြင်းမှာ ဒုတိယကမ္ဘာစစ် မတိုင်မီ ကိုရီးယားကို ကိုလိုနီနယ်အဖြစ် အုပ်စိုးခဲ့သည့် ဂျပန်တို့က ၁၉၄၅ ခုနှစ်တွင် စစ်ရှုံးခဲ့ရသည့် ပယောဂကြောင့်ဆိုလျှင် မှားမည်မထင်ပါ။

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလက ယော်လတာမြို့၌ ကျင်းပခဲ့သော မဟာမိတ်နိုင်ငံကြီးများ၏ ညီလာခံတွင် ကိုရီးယားအရေး၌ စစ်ဆင်မှုလွယ်ကူစေရန် မြောက်လတ္တီတွဒ် မျဉ်းကြောင်း ၃၈ ဒီဂရီ၏ မြောက်ဘက်ပိုင်းကို ဆိုဗီယက်တပ်များက သိမ်းယူရန်နှင့် တောင်ဘက်ပိုင်းကို အမေရိကန်တပ်များက သိမ်းယူရန် သဘောတူညီခဲ့ကြသည်။ ဤအစီအစဉ်မှာ သေနင်္ဂဗျူဟာနည်းအရ စစ်ဆင်မှု လွယ်ကူစေရန် အကြမ်းဖျင်း ပြဋ္ဌာန်းခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသောအခါ မဟာမိတ်နိုင်ငံကြီးများ၏ အမြင်များကြောင့် ထိုနယ်နိမိတ်အတိုင်းပင် ကိုရီးယားနိုင်ငံသည် မြောက်ပိုင်း၊ တောင်ပိုင်း ကွဲပြားလျက် ယနေ့တိုင် တည်ရှိနေရသည်။

၁၉၄၅ ခုနှစ် ဒီဇင်ဘာလအတွင်း မော်စကိုမြို့၌ ကျင်းပခဲ့သော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ကိုရီးယား တောင်ပိုင်းနှင့် မြောက်ပိုင်းကို တစ်စည်းတစ်လုံးတည်း ပူးပေါင်းစေ၍ နိုင်ငံကြီး ၄နိုင်ငံက ၅ နှစ်ခန့် ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့ရာတွင် ဆိုဗီယက်နှင့် အမေရိကန်တို့ အယူအဆချင်း မတူညီမှုကြောင့် ထိုစီမံချက် ပျက်သုဉ်းခဲ့သည်။ သို့ဖြင့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် မာရှယ် ကင်အီဆွန်း ကြီမှုးသော မြောက်ကိုရီးယား အစိုးရက ‘ကိုရီးယား ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ’ဟု တည်ထောင်လိုက်၍ ဩဂုတ်လတွင် ဒေါက်တာ ဆင်မန်ရီးကြီးမှုးသော တောင်ကိုရီးယား အစိုးရက ‘ကိုရီးယား သမ္မတနိုင်ငံ’ဟု ကြေငြာလိုက်သည်။ သူတို့ရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသီးသီး၌ ‘ကိုရီးယား သမ္မတနိုင်ငံ’ ဆိုသည်မှာ တောင်ပိုင်းရော မြောက်ပိုင်းပါ ပါဝင်သည့် ကိုရီးယား တစ်နိုင်ငံလုံးကို ဆိုလိုကြောင်း ဖော်ပြထားသည်။

မြောက်ကိုရီးယား အစိုးရအား ဆိုဗီယက်နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ (တရုတ်နီ) တို့က အသိအမှတ်ပြုပြီး ပြည်ထောင်ချင်း စီးပွားရေးစာချုပ်များ အသီးသီး ချုပ်ဆိုကြသည်။ မြောက်ပိုင်းတွင် ဆိုဗီယက်စီးပွားရေး စီမံကိန်းအရ မြေယာစနစ် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်သည့်အပြင် စက်မှုလက်မှုလုပ်ငန်းများကို တည်ဆောက်ကြသည်။

တောင်ကိုရီးယား အစိုးရကိုမူ အမေရိကန်၊ အင်္ဂလန်နှင့် ချန်ကေရှိတ်ဦးဆောင်သော တရုတ်အမျိုးသား အစိုးရ (တရုတ်သမ္မတနိုင်ငံ) (တရုတ်ဖြူ) တို့က အသိအမှတ်ပြု၍ အီး၊စီ၊အေ စီမံကိန်းအရ အမေရိကန်၏ အကူအညီဖြင့် စက်မှုလက်မှု လုပ်ငန်းများကို ပြန်လည်ထူထောင် ပေးကြသည်။

ဤသို့ဖြင့် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှာ အပြိုင်အဆိုင် ဖြစ်နေကြလျက် နယ်ခြားဒေသဖြစ်သော လတ္တီတွဒ် ၃၈ ဒီဂရီ မျဉ်းပြိုင်အနီးတွင် ရံဖန်ရံခါ အချင်းပွားကြလေသည်။

စစ်ပွဲစတင်

၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် မြောက်ကိုရီးယားတပ်များသည် ၃၈ ဒီဂရီ မျဉ်းပြိုင်ကို ဖြတ်ကျော်လျက် ကိုရီးယားတောင်ပိုင်းအား စတင်တိုက်ခိုက်ရာ ဇွန်လ ၂၈ ရက်နေ့တွင် ကိုရီးယားတောင်ပိုင်း မြို့တော်ဖြစ်သော ဆိုးလ်မြို့ကျဆုံး၍ ပြင်းထန်သော တိုက်ပွဲကြီးများ ဆက်လက် ဖြစ်ပွားသည်။ ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကျင်းပသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုရီးယားမြောက်ပိုင်းအား ကျူးကျော်သူအဖြစ် ကြေညာပြီးနောက် တိုက်ခိုက်မှု အမြန်ဆုံးရပ်စဲရန်၊ မြောက်ပိုင်းစစ်တပ်များ ၃၈ ဒီဂရီ မျဉ်းပြိုင်သို့ ဆုတ်ခွာသွားရန်၊ ဤဆုံးဖြတ်ချက်များ အောင်မြင်သည်အထိ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက စွမ်းအားရှိသမျှ ကူညီကြရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ ဆုံးဖြတ်ချက် ချမှတ်သည့်အတိုင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဝင်ရောက် ကူညီတိုက်ခိုက်ပေးသဖြင့် နောက်ဆုံးတွင် ဤစစ်ပွဲကြီးမှာ မြောက်ကိုရီးယားတပ်များနှင့် ကုလသမဂ္ဂတပ်များ တိုက်ခိုက်သော စစ်ပွဲအသွင်သို့ ပြောင်းလဲလာခဲ့သည်။ မြောက်ကိုရီးယားတို့ဘက်မှလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက အပျော်တမ်းတပ်များဖြင့် ကူညီခဲ့သည်။

ပြေငြိမ်းရေးဆွေးနွေး

အိန္ဒိယနှင့် အာရပ်အုပ်စု နိုင်ငံများက ဤစစ်ပွဲကို အနုနည်းဖြင့် အေးငြိမ်းစေရန် အတန်တန် ကြိုးစားခဲ့ရာ ကုလသမဂ္ဂဘက်မှ ဗိုလ်ချုပ်ကြီး ဟယ်ရီဆန် ခေါင်းဆောင်သော အဖွဲ့နှင့် မြောက်ကိုရီးယား ဗိုလ်ချုပ် နမ်အီ ခေါင်းဆောင်သော ကိုယ်စားလှယ်များသည် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးကြသည်။

နောက်ဆုံးတွင် နှစ်ဦးနှစ်ဘက် သဘောတူညီချက်များ ရရှိသဖြင့် ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပန်မန်ဂျုံစခန်း၌ စစ်ရပ်စဲကြောင်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။ ထိုစာချုပ်တွင် ခေါင်းဆောင်ဆွေးနွေးသော နှစ်ဦးနှစ်ဘက် ကိုယ်စားလှယ်များအပြင် မြောက်ကိုရီးယား စစ်သေနာပတိချုပ်နှင့် ဝန်ကြီးချုပ် မာရှယ်ကင်အီဆွန်း၊ တရုတ်အနီ အပျော်တမ်းတပ် သေနာပတိ ဗိုလ်မှုးချုပ်ဝိန်တေဟွေးနှင့် ကုလသမဂ္ဂစစ်သေနာပတိချုပ် ဗိုလ်ချုပ်မတ်ကလပ်တို့လည်း လက်မှတ်ရေးထိုးကြသည်။

ဤကိုရီးယားစစ်ပွဲမှာ ၃ နှစ်နှင့် ၁ လ ကျော်မျှ တိုက်ခိုက်ခဲ့သဖြင့် အိမ်ခြေတိုက်တာ အဆောက်အအုံများ၊ စက်မှုလက်မှုလုပ်ငန်းကြီးများ ပျက်စီးဆုံးရှုံးကြသည်။ နှစ်ဦးနှစ်ဘက် ထိခိုက်ကျဆုံးခဲ့သူနှင့် သုံ့ပန်းအဖြစ် အဖမ်းခံရသူပေါင်း ၂၃ သိန်းကျော်မျှရှိသည်။ စစ်ပြေငြိမ်းရေး စာချုပ်အရ နှစ်ဦးနှစ်ဘက် စစ်တပ်များသည် စစ်ကြောင်းတစ်လျှောက် မိမိတို့ ရောက်ရှိနေရာမှ နောက်သို့ ၂ ကီလိုမီတာ (၁ မိုင် ၂ ဖာလုံခန့်) ပြန်၍ ဆုတ်ခွာကြရသည်။

No comments:

Post a Comment