Saturday, October 2, 2010

. .

ဒေါ်အောင်ဆန်းစုကြည် လွတ်မည်ဆိုသည့် သတင်းကြောင့် ပြည်သူများ ပျော်ရွှင်နေကြ

တက်လူ / ၀၁ အောက်တိုဘာ ၂၀၁၀


ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟူသည့်သတင်းကြောင့် ရန်ကုန်ပြည်သူများ ကျေနပ်ပျော်ရွှင်နေကြကြောင်း ရန်ကုန်သတင်းရပ်ကွက်များက သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးပါက ပြန်လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရအရာရှိတဦးက ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းကို ကိုးကား၍ စက်တင်ဘာ (၃၀) ရက် ယမန်နေ့၌ ပြည်ပအသံလွှင့်ဌာနများက သတင်းထုတ်လွှင့်မှုအပေါ် ရန်ကုန်ပြည်သူတို့က ယင်းသို့ ပျော်ရွှင်ကျေနပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် လွတ်တော့မယ်ဆိုတာ သိတယ်၊ သူလွတ်ရက်ပြည့်ပြီလေ။ ဒါပေမယ့် အစိုးရက မလွှတ်ဘဲနေမှာကို စိတ်ပူနေတာ။ အခု သူ့ကို လွှတ်ပေးတော့မယ်လို့ အစိုးရက ပြောတယ်လို့ ဗွီအိုအေက ပြောသွားတယ်။ အဲဒီအတွက် ကျနော်တို့ သိပ်စိတ်ဝင်စားနေကြတယ်။ အဓိကကတော့ သူလွတ်လာရင် ဘယ်လိုဖြစ်လာမလဲ၊ ဘယ်လိုပြောင်းလဲလာမလဲ ဆိုတာပေါ့” ဟု ဗဟန်းမြို့နယ်မှ အငြိမ်းစား အစိုးရအရာရှိတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကမူ လာမည့်နိုဝင်ဘာ (၁၃) ရက်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကာလ ကုန်ဆုံးသည့်နေ့ဖြစ်ပြီး နောက်ထပ်ချုပ်နှောင်ရန် ဥပဒေမရှိသဖြင့် လွှတ်ပေးရမည့်ရက်ဖြစ်သည်ဟု ပြောကြားသည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းမှာ လာမည့်နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မည်ဖြစ်သည်။

ပြီးခဲ့သည့်စက်တင်ဘာ (၂၄) ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက် ကော်မရှင်ရုံး၌ ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ဖော်ပြခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဟူသော သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ မဲဆန္ဒရှင်စာရင်း စတင်ထုတ်ပြန်သည့် စက်တင်ဘာလ (၂၀) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏အမည် ပါဝင်ခြင်းမရှိပေ။

“ဒေါ်အောင်ဆန်းစုကြည် မဲပေးဘူးဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် သူမဲပေးတာ မပေးတာက အရေးမကြီးဘူး။ အစိုးရအနေနဲ့ သူ့ကိုမဲပေးခွင့်ပေးတယ် ဆိုတာကို အသံကောင်းဟစ်ချင်တဲ့သဘော၊ အစိုးရလူလည်ကျတာလည်း လူတိုင်းသိတယ်လေ။ အခုလွှတ်ပေးမယ်ဆိုတာက ရွေးကောက်ပွဲရက် မတိုင်ခင်ဆိုတဲ့သဘောလို့ ကျနော်တို့က တွေးတယ်” ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှ ၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့သူတဦးက ပြောကြားသည်။

အန်အယ်လ်ဒီကို ထောက်ခံသူတဦးကလည်း “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိမ့်မယ်။ ဒါပေမယ့် ကျနော့်အထင်ကတော့ ရွေးကောက်ပွဲပြီးမှ လွှတ်မယ်ထင်တယ်။ သူ့လွတ်ရက်ပြည့်တာက နိုဝင်ဘာ (၁၃) ရက်နေ့လေ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်သည်။

No comments:

Post a Comment