SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်း နအဖတပ် တိုးဖြည့်ဖြန့်ကျက်
ကြာသပတေးနေ့၊ နိုဝင်ဘာလ 11 ရက် 2010 ခုနှစ် မွေခေါဝ် သတင်း - သျှမ်းသံတော်ဆင့်သတင်း
ပြည်သူ့စစ် အသွင်ပြောင်းရန် ငြင်းဆန်သော အပစ်ရပ် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ (၁ ထိန်းချုပ်နယ်မြေသို့ ရွေးကောက်ပွဲ မတိုင်မီ တပ်အင်အား တိုးချဲ့ ဖြည့်တင်းထားသော နအဖတပ်များ ဆုတ်ခွါခြင်း မရှိသေးဘဲ ဖြန့်ကျက်နေရာယူထားကြောင်း စုံစမ်းသိရှိရပါသည်။“အင်အား ၁၈၀၀ လောက် ရှိတယ်။ တပ်မဟာ ၁ ဌါနချုပ်ရဲ့ အရှေ့တောင်ဘက်၊ တောင်ဘက်နဲ့ အနောက်ဘက်တွေမှာ နေရာယူထားတယ်” ဟု မိုင်းရှုး ဒေသခံ တစ်ဦးက ပြောပါသည်။သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်-ကျိုင်းတောင်း အခြေစိုက် ခမရ ၅၆၉ ၊ ၅၇၄ တို့က ရွေးကောက်ပွဲ မတိုင်မီ လုံခြုံရေး အကြောင်းပြကာ မိုင်းရှုးနှင့် မိုင်းနန်းဘက်သို့ သွားရောက်ဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။
“နမ့်လောင်း အုပ်စုကနေ သံလွင်မြစ် တာ့ပိန်းဖိဆိပ်အဆင်း ကားလမ်း၊ တိဟုန်းအုပ်စုက တာ့ဝန်းနောင်းကူးတို့ဆိပ်အသွား ကားလမ်း၊ တိဟုန်းအုပ်စုကနေ မိုင်းရှုးအသွားကားလမ်း၊ တောင်ဟျိုးအုပ်စုအနား တ၀ိုက်နဲ့ တိဟုန်း အသွား လူသွားလမ်း လှည်းလမ်းတွေမှာ နအဖ တပ်ချပိတ်ဆို့စစ်ဆေးနေတယ်။ နေရာ အချို့ဖြန့်ကျက်စောင့်ဆိုင်းတယ်” ဟု ၎င်းက ဆက်ပြောပါသည်။
နိုဝင်ဘာ ၅ ရက်ကလဲ တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့်အတူ ကျောက်မဲ အခြေစိုက် စကခ ၁ နှင့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ခမရ ၅၀၅ (နမ့်လန်) နှင့် ခမရ ၁၁၄ (နောင်ချို) တို့ကလည်း လားရှိုးမှ တန့်ယန်းမိုင်းကောင်သို့ ရောက်သွားကြပြီး ယနေ့တိုင် တပ်ရုပ်ပြန်ခြင်း မရှိသေးကြောင်း ကျောက်မဲ ဒေသခံ တစ်ဦးက အခုလို ပြောပါသည်။ “တိုင်းချုပ် အောင်သန်းထွဋ်နဲ့အတူ တပ်ရင်းမှူးတွေ မိုင်းကောင်ဘက်သို့ ရောက်သွားကြတာ။ အခုထက်ထိဘဲ။ ရှေ့တန်းရင်းမှူးတွေ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေထဲ ကျေးရွာအုပ်စု ၃-၄ စုရဲ့ ဥက္ကဋ္ဌတွေကို သွားခေါ်တွေ့တယ်။ ထင်းတွေဝါးတွေဆင့် ဆိုတယ် ကြာကြာနေမယ့်ပုံဘဲ” ယမန်နေ့ ရိက္ခာ အပြည့် တင်ဆယ်ဘီးကားတစီး မိုင်းကောင် ခလရ ၃၃ ထဲ ရောက်သွားကြောင်း နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ဖျော်ဖြေရေး အဖွဲ့ကား ၄ စီးလည်း ရောက်သွားကြောင်း၊ မိုင်းကောင် ဘောလုံးကွင်း၌ ယမန်ညက အဆိုအက ဖျော်ဖြေပွဲ လုပ်ကြောင်း မိုင်းကောင် ဒေသခံ တစ်ဦးက ပြောပါသည်။ မိုင်းကောင်မြို့နယ်ခွဲ တောင်ဘက် ၇ မိုင်အကွာ တောင်ဟျိုးနှင့် နမ့်လောင်းကျေးရွာအုပ်စုအကြား လွယ်ဇောင့်တောင်ထိပ်ရှိ တပ်မဟာ ၁ တပ်စခန်းမှာ မူတပ်ရုပ် ဆုတ်ခွါခြင်း မရှိသေးကြောင်း သိရှိရသည်။
ရှမ်းပြည်မှ စစ်အစိုးရ တပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေး ထိုးပြီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 11 ရက် 2010 ခုနှစ် ကန္တာရ၀တီတိုင်း(မ်) သတင်း - ကန္တာရ၀တီတိုင်း(မ်)
ရှမ်းပြည်နယ် ကလောဌာနချုပ်မှ တပ်မ ၅၅ လက်အောက်ခံ စစ်အစိုးရ တပ်ရင်း ၃ ရင်း ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းသို့ ယခုလ ပထမအပတ်က စပြီး စစ်ဆင်ရေး ထိုးကာ စစ်ရေး လုပ်ရှားမှု ပြုလုပ်နေကြောင်း ကရင်နီ ပြည်ထဲရေး ဌာနမှတဆင့် ကြားသိရသည်။
ပွန်ချောင်းတံတား တိုက်ခိုက်စဉ်က တပ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပုံ (ဓါတ်ပုံ-ဗိုလ်ကြီးညားရယ်-G1)
ပွန်ချောင်းတံတား တိုက်ခိုက်စဉ်က တပ်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပုံ (ဓါတ်ပုံ-ဗိုလ်ကြီးညားရယ်-G1)
အဆိုပါ စစ်ကြောင်းများမှာ တပ်မ ၅၅ လက်အောက်ခံ ခမရ ၅၁၂၊ ခမရ ၅၁၁နှင့် ခမရ ၅၁၇ တို့ ဖြစ်ကြပြီး ယခုအခါ လွိုင်ကော်မြို့နယ်နှင့် ရှားတော မြို့နယ်အတွင်း ကရင်နီ တပ်မတော်များ လှုပ်ရှားနေသည့် ဒေသများ၌ နယ်မြေ ရှင်းလင်းရေး ပြုလုပ်နေသည်ဟု ဆိုသည်။
“အခု စစ်ကြောင်း ထိုးလာတဲ့ အကြောင်းအရင်းက ပွန်ချောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ စစ်ပွဲနဲ့ ဆက်စပ်မှု ရှိတယ်လို့ ယူဆထားတယ်။ ဘာဖြစ်လဲဆိုတော့ အခုလာတဲ့ စစ်အကြာင်း ၃ ကြောင်းထဲက ၅၁၂ နဲ့ ၅၁၁ ဟာ ပွန်ချောင်း ဒေသတ၀ိုက်မှာ ကရင်နီ တပ်မတော်တွေကိုလိုက်လံရှာဖွေနေတယ်။ စစ်ဆေးမှုတွေ လုပ်နေတယ်” ဟု ကရင်နီ ပြည်ထဲရေးဌာနမှ ဒု-၀န်ကြီး ခူးညေးရယ်က ပြောပါသည်။
ခမရ ၅၁၇ မှာမူ ကရင်နီပြည်နယ် မောချီးနှင့် ကရင်ပြည်နယ် တော်ငူ ကားလမ်းမကြီး ဖြစ်မြောက်ရန်အတွက် နယ်မြေ ရှင်းလင်းရေးကိစ္စအား အကြောင်းပြပြီး ကရင်နီပြည်အမှတ် ၂ ခရိုင် မော်ချီးဒေသဘက်သို့ ချီတက်သွားသည်ဟု ဆိုသည်။ကရင်နီပြည်နယ်၊ လွိုင်ကော်နှင့် ရှားတောမြို့နယ် အကြားရှိ ပွန်ချောင်းတံတား အနီးတွင် တပ်စွဲထားသော စစ်အစိုးရတပ် ခလရ ၇၂ တပ်ဖွဲ့အား ကရင်နီတပ်ရင်း ၃ နှင့် ABSDF တပ်ရင်း (၄)တို့ ပူးပေါင်းပြီး အောက်တိုဘာလ ၂၆ ရက်နေ့က သိမ်းပိုက်ခဲ့သည်။ သိမ်းပိုက်စခန်းအား မီးတင်ရှို့ပြီး တံတားအား ဖောက်ခွဲကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
၎င်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄ ဦး ကျဆုံးကာ ၄ ဦး ဖမ်းဆီးရမိပြီး လက်နက်ကြီးငယ်မျိုးစုံ ၉ လက်နှင့် ခဲယမ်းမီးကျောက်များကို ကရင်နီနှင့် ABSDF တပ်တို့မှ သိမ်းဆည်းရမိသည်။ ဖမ်းဆီးရမိသော စစ်တပ်များကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကရင်နီတပ်မတော်တို့က ဆိုသည်။ABSDF ကျောင်းသားတပ်မတော်သည် စစ်အစိုးရ ရွေးဆွဲခဲ့သည့် ၂၀၀၈ ခု အခြေခံဥပဒေကို လက်မခံခဲ့သလို ပြုလုပ်ကျင်းပသွားပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံဘဲ ရှုတ်ချထားပြီး စစ်အစိုးရကို စစ်ရေးအရ လက်နက်ကိုင်သည့် နည်းလမ်းဖြင့် တခြားတိုင်းရင်းသား မဟာမိတ်များနှင့်အတူ လက်တွဲပြီး ဆက်လက်တိုက်ခိုက်သွားမည်ဟု ဆိုပါသည်။ကရင်နီနယ်မြေတွင် ကရင်နီတပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်းလုပ်ရှားမှုနှင့် ပတ်သက်ပြီး ABSDF ကျောင်းသားတပ်မတော် တပ်ရင်း (၄)မှ ဒု တပ်ရင်းမှူး ကိုတင်မောင်ထွန်းက ယခုလို ပြောပါသည်။“ကျနော်တို့ တပ် အနေနဲ့ ပုံမှန်လှုပ်ရှားနေတာ ရှိပါတယ်။ နိုင်ရင် နိုင်သလောက်ပေါ့နော်။ ကျနော်တို့ တပ်ဖွဲ့တွေ ကရင်နီတပ်တွေနဲ့ တွဲပြီး လှုပ်ရှားနေတာ ရှိပါတယ်။ အခုလဲ ရှေ့တန်းနယ်မြေမှာ လုပ်ရှားနေကြပါတယ်။”ကရင်နီပြည်တွင် ၂၀၁၀ ခုနှစ်အတွင်း ပုံမှန်လုပ်ရှားနေသည့် ဒကစ လက်အောက်ခံတပ်ရင်း ၁၄ ရင်း ရှိပြီး ၎င်းတို့မှာ ခလရ ၅၄၊ ၇၂၊ ၅၃၁၊ ၄၂၈၊ ၄၂၉၊ ၄၃၀၊ ၁၃၄၊ ၁၃၅၊၂၅၀၊၂၆၁၊ ၁၀၂၊ ၅၃၀၊ နှင့် ခမရ ၃၃၇၊ ၄၂၇ တို့ ဖြစ်သည်။
ရွေးကောက်ပွဲ အရေးပေါ်ကာလ နအဖ စစ်တပ်၏ သျှမ်းပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ
ကြာသပတေးနေ့၊ 2010 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း
စစ်အစိုးရ သတ်မှတ်သော ရွေးကောက်ပွဲ အရေးပေါ်ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အင်္ဂါမစုံသူ အမျိုးသမီးအား မုဒိန်းကျင့်ခြင်း၊ ဒေသခံများအပေါ် အခြားလူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေခြင်း စသည်များ နအဖစစ်တပ်က ကြမ်းရမ်းနေသည်ဟု စုံစမ်းသိရှိရသည်။ယခုလ ၆ ရက် မိုင်းနောင် အခြေစိုက် ခမရ ၂၈၆ မှ ဗိုလ်မှူး ၀င်းဇေလတ် ဦးဆောင်သည့် အင်အား ၂၀ ခန့်ပါ တပ်ဖွဲ့တဖွဲ့ မိုင်းနောင်မှ မိုင်းရှူးသို့ အထွက်လမ်း အိမ်ခြေ ၅၀ ကျော်ရှိ ၀မ့်ဝိန်းကောင်ရွာသို့ သွား၍ ကိုယ်အင်္ဂါမစုံသူ အမျိုးသမီး တဦးအိမ်အတွင်း ရှာဖွေမွှေနှောက်ပြီးနောက်ပိုင်း ထိုအမျိုးသမီးကို ထပ်မံသွားရောက်မုဒိန်းကျင့်ကြောင်း ထိုအမျိုးသမီး ကိုယ်တိုင် လဲချားရှိ သူမ၏ ဆွေမျိုးတဦးအား ပြန်လည်ပြောပြ၏။ အမျိုးသမီး၏ ပြောပြချက်အရ လဲချားမှ ထိုင်းနယ်စပ်သို့ ရောက်လာသူ ၎င်း၏ ဆွေမျိုး တဦးက သျှမ်းသံတော်ဆင့်သို့ ပြန်လည်ပြောပြရာတွင် “ ၆ ရက် နေ့ခင်းပိုင်း အဲဒီတပ်က ဗမာစစ်သားတွေ ဒုက္ခိတ နန်းလီ ၃၂ နှစ်(အပျိုကြီး/ အမည်ရင်း မဟုတ်) တို့အိမ် ၀င်မွှေနှောက်ပြီး ပြန်သွားတယ်။ ညနေ ၃ နာရီလောက် ရောက်တော့ အဲဒီဗိုလ်မှူး ၀င်းဇေလတ်ရဲ့ တပည့် တယောက်က အရပ်ဝတ်နဲ့ နန်းလီရဲ့ အိမ်ကို ပြန်သွားတယ်။ ထပ်သွားမွှေနှောက်ဟိန်းဟောက်ဆဲ ဆိုပြီး အဲဒီစစ်သားက နန်းလီကို ရိုက်ပုပ်ဖမ်းချုပ် ဆံပင်ကို တိုင်မှာ ချည်ထား၊ ပါးစပ်ကို ပုဝါနဲ့ ပတ်ပိတ်ပြီး မုဒိန်းကျင့်တာတဲ့။ ကျင့်ပြီးတော့လဲ နန်းလီရဲ့ ရုပ်ပျက်ဆင်းပျက်ပုံကို ဓါတ်ပုံ ရိုက်ယူသေးတယ်ဆိုဘဲ” ဟု ဆို၏။
ထိုသို့ မုဒိန်းကျင့်ပြီးနောက် ညနေ ၅ နာရီတွင်လည်း အဆိုပါ ၀င်းဇေလတ် တပ်ဖွဲ့ နန်းလီတို့ အိမ်သို့ တဖန် ပြန်သွားရှာဖွေမွှေနှောက်ယူငင်ကြသေးသည်ဟု ဆို၏။ ၇ ရက် နံနက်ပိုင်း နန်းလီ တယောက် ၀ိန်းကောင်ရွာမှ တိမ်းရှောင်သွားခဲ့ကြောင်းလည်း ပြောပြသည်။ ယခုလ ၄ ရက်မှ ၁၀ ရက်အထိ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ် အခြေစိုက် ခမရ ၃၂၅ ၏ ၀မ့်ဇန့် တပ်စခန်းရှိ ဗျူဟာမှူး ဗိုလ်မှူး ကြီးကြည်မြင့်နှင့်အဖွဲ့ ဒေသခံများအား နေ့စဉ်း သောက်သုံးရေခပ်ပေးခိုင်းသည်ဟု ဆို၏။ ထို့အပြင် စိန်ကျော့ ပြည်သူ့စစ်မှ တပ်ကြပ် စိုင်းဆိုင် ဦးဆောင်သည့် ရှေ့ပြေး တပ်ဖွဲ့နှင့် နအဖတပ်စိပ်တစိပ်တို့ ၀မ့်ဟူးမီ၊ နမ့်မော်ဆုမ့်၊ ၀မ့်ကျောင်း မိုင်ရွာ ဒေသခံတို့၏ ကြက်များကို တပိသာ ၁၅၀၀ ကျပ်နှင့် ဈေးနှိမ်ဝယ်ယူသည်ဟု သိရ၏။ ပြင်ပရောင်း ဈေးမှာ တပိသာ ကျပ် ၅၀၀၀ ဖြစ်သည်။ မိုင်းနောင်မြို့နယ်ခွဲ မိုင်းနန်းအုပ်စု အခြေစိုက် ခလရ ၂၈၆ မှ ဗိုလ်ရဲ မင်းကျော်လည်း ကျေးသီးမြို့နယ် ဟိုပုံအုပ်စုမှ မိုင်းဟဲန် ရွာ၊ မဝေါင်းရွာ၊ ဟွေ့ပုတ်ရွာတို့အား သျှမ်းတပ်တို့၏ လှုပ်ရှားမှု တနေ့တကြိမ် သတင်းပို့ခိုင်းတာ ၁ ရက် ပျက်ကွက်သည်ဟု ဆိုကာ ရွာတိုင်းကြက် ၃ ပိသာစီ ဆင့်ဆိုခဲ့သည်ဟု ဆို၏။
“ပြီးခဲ့တဲ့လ ၂၃ ရက်က သတင်းပို့ ပျက်ကွက်တာကို ဒဏ်ရိုက်တာတဲ့။ တရက်ကို ကြက် ၃ ပိသာ ရွာစလုံး ပို့ခိုင်းတယ်။ မိန်းနန်းရွာက အိမ်ခြေ ၃၀၀ ကျော်တယ်။ ရွာဘုန်းကြီးကျောင်းနားမှာ သူတို့ ဂိတ်ထားတယ်။ အ၀င်အထွက် ဆိုင်ကယ်တွေ စစ်ဆေးတယ်။ နေ၀င်မီးငြိမ်း အမိန့်တောင် ထုတ်ထားတယ်၊ ညအချိန် ဖြတ်တာ တေါကရင် ပစ်မယ်တဲ့” ဟု နယ်စပ်ရောက် မိုင်းနောင်ဒေသခံ တဦးက ပြောပြသည်။ အောက်တိုဘာလကုန်ကလည်း မိုင်းနောင် အခြေချ လွယ်လင် စကခ ၂ မှ တပ်ဖွဲ့တဖွဲ့က ယာထွန်ပြီး တဲ၌ နားနေသော နားလင်လိုင်ရွာနေ လုံးလား၏သား စိုင်းကာလိန် (၂၀နှစ်) အား တွေ့ဆုံရာ ဆွဲခေါ်ဆဲဆိုကြိမ်းမောင်းပြီး ဓါးဖြင့် ခုတ်ရာ မိုင်းနောင် ဆေးရုံ၌ ဆေးကုသနေရကြောင်း မိုင်းနောင်မှ ကျန်းမာရေးဝန်ထမ်းတဦးက ပြော၏။“ဒီတပ်ဖွဲ့က စကခ ၃ လွယ်လင်ကဘဲ။ တပ်ဖွဲ့ နာမည်တော့ မသိဘူး။ စိုင်းကာလိန်ယာတဲကလဲ မိုင်းနောင် ခလရ ၉ နားမှာဘဲလေ။ စိုင်းကာလိန်ကို တွေ့ရော အသားလွတ်ဝင်ဆဲပြီး စိုင်းကာလိန်ရဲ့ ခါးပလိုင်းထဲက ဓါးမဆွဲပြီး ခုတ်ထည့်လိုက်တာ ခေါင်းမှာ ၄ ချက် လက်ဖျံကျောမှာ ၅ ချက် ချုပ်ရတယ်။ ဓါးပြားနဲ့ ရိုက်ဓါးရိုးနဲ့ နှက်ထားတဲ့ ဒဏ်ရာတွေလဲ မနဲဘူး” ဟု ပြောပြသည်။
No comments:
Post a Comment