Saturday, September 11, 2010

. .

နေပြည်တော် အမျိုးသမီး ဝန်ထမ်းအိမ်ရာ လုံခြုံရေး စိတ်မချရ

E-mail Print
နေပြည်တော်ရှိ အမျိုးသမီး ၀န်ထမ်းအိမ်ရာ များတွင် လုံခြုံရေး စိတ်မချရမှု ဖြစ်နေကြောင်း အမျိုးသမီး ဝန်ထမ်းများက ပြောသည်။

“အမျိုးသမီး ဆောင်တွေမှာက အစောင့်မရှိတော့ မကြာခဏ ဖောက်ထွင်း မှုတွေဖြစ်တယ်၊ ဘယ်တော့မှ မိတယ်မရှိဘူး၊ မကြာသေး ခင်ကဘဲ သဇင်ဆောင်ဘက်က အခန်းတခန်း အဖောက် ခံရတယ်၊ ဖြစ်တာက နေ့လယ်ပိုင်း အားလုံးရုံးတက်ချိန်မှာ ဖြစ်တာ၊ အများကြီးတော့ ပါမသွားဘူး၊ ကျမတို့ကလည်း အများကြီးမှ မရှိတာ”ဟု နေပြည်တော် အမျိုးသမီး ၀န်ထမ်း အိမ်ရာ သဇင်ဆောင်မှ အမျိုးသမီး တဦးက ပြောပြသည်။

ထိုကဲ့သို့ ဖောက်ထွင့်မှုအများစုကို ကျူးလွန်သူများမှာ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်တဲ့ သူတွေလို့ အများက ယူဆကြတယ်၊အဝင်အထွက် ဘယ်လိုရှိတယ်ဆိုတာ သူတို့ပဲ အသိဆုံးလေ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

နေပြည်တော်ရှိ အမျိုးသမီး၊ အမျိုးသား ဝန်ထမ်းအိမ်ရာများတွင် ညစောင့်လုံခြုံရေးမရှိခြင်းကလည်း ရာဇဝတ်မှုကျူးလွန်သူများ ကို ဆွဲဆောင်နေသကဲ့သို့ရှိကြောင်း သပြေဆောင်ရှိ အမျိုးသမီး ဝန်ထမ်းတဦးကလည်း ပြောသည်။

“နေ့ရော ညရော အဆောင်တွေက ဝင်ချင်တဲ့သူဝင်၊ ထွက်ချင်တဲ့သူထွက် ဒိုးယိုပေါက်ဖြစ်နေတယ်လေ၊ ကျမတို့ ကတော့ အဟန့် အတားဖြစ်အောင် လုံခြုံရေး ရှိစေချင်တယ်၊ ဘယ်သူကမှ ဒါကိုထည့် မစဉ်းစားပေးကြဘူး”ဟု ၎င်းက ဆိုသည်။

“ပြီးခဲ့တဲ့ တနင်္ဂနွေ ညကဆို အဆောင်ရှေ့မှာ လူတယောက် လာအိပ်နေတယ်၊ အမျိုးသမီးချည်းဆိုတော့ ကြောက်တာပဲ သိ တယ်၊ ရဲစခန်း ဖုန်းဆက်တော့လည်း ကိုင်မယ့်သူ မရှိဘူး၊ မတော် လူဆိုးသူခိုးဆို မခက်လား”ဟု သပြေဆောင် အမျိုးသမီး ဝန်ထမ်းက ပြောသည်။

ထို့အပြင် နေပြည်တော် အမျိုးသမီးဆောင်ဖြစ်သော သဇင်(၃) တွင် လွန်ခဲ့သော (၃)လခန့်က ဓားထိုးမှုဖြစ်ကာ လူငယ်တဦး သေဆုံးခဲ့သော်လည်း အမှုမှန် ပေါ်ပေါက်ခြင်း မရှိသေးကြောင်းလည်း အဆောင်နေ ဝန်ထမ်းများက ပြောဆိုသည်။

“ကောင်လေးက အဆောင်က ကောင်မလေးကို လာပိုးနေတာ၊ ညည ဂစ်တာ လာတီးတာတို့ လုပ်တယ်၊ ဖြစ်တဲ့နေ့က မနက် လင်းတော့ ကြည့်လိုက်တဲ့အခါ ဓားတန်းလမ်းနဲ့ သေနေတယ်”ဟု သဇင်ဆောင် အမျိုးသမီးဝန်ထမ်းက ပြောပြသည်။

နေပြည်တော်ရှိ အမျိုးသမီး ဝန်ထမ်းများ အနေဖြင့် လုံခြုံစိတ်ချရသော အခြေအနေမျိုးကို လိုလားလျက်ရှိကြောင်းလည်း သိရ သည်။

“ကျမတို့ အားလုံးလိုလို အိမ်နဲ့ခွဲပြီး လာလုပ်ရတာ၊ လုံခြုံစိတ်ချရတဲ့ ဘဝမျိုးကိုလိုချင်ပါတယ်”ဟု သပြေဆောင်မှ အမျိုးသမီး ဝန်ထမ်း တဦးက ဆိုသည်။

၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ စစ်အစိုးရ က ၀န်ကြီးဌာနများနှင့် ၀န်ထမ်းများကို နေပြည်တော် သို့ ပြောင်းရွှေ့ စေခဲ့ သည်။ နေပြည်တော်ကို ၂၀၀၂ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၏ မြို့တောာ် အဖြစ် စစ်အစိုးရက သတ်မှတ် ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

No comments:

Post a Comment