Thursday, September 2, 2010

. .

ဘ၀အစ - အပိုင်း(၁)

လေယာဉ်ပေါ်စတက်မိတာနဲ့ အနောက်ကိုတချက်ကလေးတောင် အောင်နိုင်သူ မလှည့်ကြည့်ခဲ့မိပါ။သူအကျင့်အတိုင်း ဒေသတစ်ခုကိုကျောခိုင်းပြီးတာနှင့် သူနဲ့လုံးဝပတ်သက်မှု့မရှိခဲ့သလိုပုံစံမျိုးနေလိုက်၏။ဘေးမှာအတူပါလာသော မျိုးမျိုးက ရယ်လျက် ကိုထော်နှင့် ဖိုးတုတ်ကိုစကားအများကြီးပြောနေတာ ကြားရ၏။အောင်နိုင်သူ၊ကိုထော်နှင့်မျိုးမျိုးတို့က တတန်းတည်း အတူထိုင်ရ၍ ပျော်နေကြပါသည်။လူသွားလမ်းကြား တဖက်ခုံတန်းအစွန်မှာတော့ မချိပြုံးပြုံးလျက် ဖိုးတုတ်တစ်ယောက်လိုက်ပါလာ၏။
အခုအချိန်မှာ အောင်နိုင်သူရင်ထဲမှာ စဉ်းစားနေတာတစ်ခုတည်း၊အဲဒါကတော့ ရှေ့ဆက်ပြီး ဘာတွေကြုံတွေ့ရင်ဆိုင်ရမလဲဆိုတာပါပဲ။စဉ်းစားရလွန်းလို့ စိတ်ရှုပ်လာသဖြင့် သက်ပြင်းတချက်မှုတ်ထုတ်လိုက်သည်။စိတ်ထဲမှာ ပျော်သလို ၀မ်းနည်းသလိုလိုနှင့် ခံစားချက်နှစ်ခုကို တပြိုက်နက်တည်း ခံစားနေရသည်။
တကယ်တော့မလေးရှားသို့အလုပ်လာလုပ်မည့် အစီအစဉ်ကို အိမ်ကလူတွေက သဘောမတူကြပါ။အောင်နိုင်သူကို မသွားစေချင်ကြပါ။သို့သော် ခံမပြော၊နားမထောင်ဘဲ လုပ်ချင်ရာလုပ်နေတဲ့ သူအကျင့်ကြောင့်
ဘယ်သူကမှသူ့ကိုမတားကြ။သူ့ကိုယ်၌လည်းဆုံးဖြတ်ပြီးနောက်တော့ ဖြစ်ချင်ရာဖြစ် နောက်မဆုတ်တော့ ဟုစိတ်ပိုင်းဖြတ်လိုက်သည်။
တကယ်တော့အောင်နိုင်သူဟာ သူဘ၀တလျောက်လုံး ဘယ်သူပြောပြော ဂရုမစိုက်နားမထောင်ဘဲ သူလုပ်ချင်ရာလုပ်ခဲ့သော လူငယ်တစ်ယောက်ဖြစ်သည်။ထိုအကျင့်ကြောင့် သူဘ၀တလျောက်လုံး ပြသာနာတစ်ခုမဟုတ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ဆွေမျိုးမိဘများကြားသူ့ကြောင့်
ကတောက်ကဆဖြစ်ကြ၊စိတ်ဆင်းရဲကြတာ ခဏ၊ခဏပါပဲ။ဒါတောင်သူကတော့ သူနှင့်ဘာမှမဆိုင်သလိုနေခဲ့သည်။တမိပေါက်တယောက်ထွန်းဆိုတာမျိုးပေါ့။
လေယာဉ်ပြတင်းပေါက်မှ အပြင်သို့ကြည့်နေစဉ် လေယာဉ်မယ်များက အစားအစာနှင့် အချိုရည်၊၀ိုင်များကိုလိုက်လံပေးနေသည့်အသံကြောင့် အောင်နိုင်သူ အတွင်းဖက်သို့ပြန်လှည့်ကြည့်လိုက်သည်။ပထမဆုံးအခက်အခဲကတော့ သူကိုပေးလိုက်သည့် ထမင်းဘူးလေးတွင်း ကြက်သားများပါလာခြင်းကြောင့်ဖြစ်သည်။ဘာကြောင့်လဲဆိုတော့ အောင်နိုင်သူက ကုန်းသတ္တ၀ါမစားပါ။ကံကောင်းချင်တော့ အရွက်ကြော်များသီးသန့်ပါလာသောကြောင့် ထမင်းနှင့်အရွက်ကြော်သာစား၍ ကြက်သားဟင်းကိုဖယ်ထားလိုက်သည်။အအေးသောက်နေတုန်း ကိုထော် ကိုလှမ်းကြည့်တော့ ပြုံးစိစိနှင့် ၀ိုင်တခွက်သောက်နေတာတွေရသည်။သူအပြုံးက ခိုးသောက်တာကို လူမိ၍ရှက်သည့်ပုံစံနှင့်။
ခန့်မှန်းခြေ ၂နာရီကျော်ကျော်လောက်တွင် လေယာဉ်မှူးမှမလေးရှားနိုင်ငံ နယ်နမိတ်အတွင်းသို့ရောက်ရှိပြီးဖြစ်ကြောင်း၊ယခုဖြတ်သန်းသွားသောဒေသသည် မည်သည့်ဒေသဖြစ်ကြောင်းကြော်ငြာသည့်အသံထွက်လာသည်။မကြာခင် ရောက်ရှိတော့မည်ဆို၍ အောင်နိုင်သူတို့တွေ စိတ်လှုပ်ရှားနေကြတာတော့သည်။.......ဆက်ရန်

No comments:

Post a Comment