Saturday, September 11, 2010

. .

မြန်မာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်ရန် တရုတ်ကတိပြု

ပေါက်ပေါက် / ၁၀ စက်တင်ဘာ ၂၀၁၀


သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့ စီမံကိန်းကြီးများအား အတူတကွ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုများ တိုးမြှင့်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်အစိုးရက ကတိပြုလိုက်သည်။

တရုတ်နိုင်ငံကို (၅) ရက်ကြာ အလည်အပတ်ခရီးရောက်ရှိနေသည့် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်ဝန်ကြီးချုပ် မစ္စတာဝမ်ကျားပေါင်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဝူပန်ကော တို့ တွေ့ဆုံစဉ်အတွင်း တရုတ်အစိုးရက ယခုကဲ့သို့ ကတိပြုလိုက်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

တိဗက်-ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရက တရုတ်ဘက်မှ ရပ်တည်မှုအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာ့နိုင်ငံရေးအခြေအနေနှင့်အညီ မြန်မာလူထုက ရွေးချယ်ဆောင်ရွက်နေသည့် နိုင်ငံရေး ဖြစ်ထွန်းမှုကိုလည်း အသိအမှတ်ပြုပါကြောင်း မစ္စတာ ဝူက ပြောဆိုခဲ့သည်။

ယခုနှစ်နှောင်းပိုင်း ရွေးကောက်အပြီးပေါ်ထွက်လာမည့် အစိုးရသစ် လက်ထက်တွင်လည်း တရုတ်အစိုးရနှင့် ဆက်ဆံရေးသည် အစဉ်အမြဲ ကောင်းမွန် တိုးတက်နေမည်သာ ဖြစ်ကြောင်း၊ တရုတ်သည် မြန်မာ၏ အရေးပါဆုံး အိမ်နီးချင်းဖြစ်ပြီး တရုတ်တနိုင်ငံတည်း ပေါ်လစီကို မြဲမြံစွာ ကိုင်စွဲသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယခုနှစ် မတ်လမှ ဇူလိုင်လအတွင်း ရေအားလျှပ်စစ်ကဲ့သို့ စွမ်းအင်ကဏ္ဍ၌ အမေရိကန် ဒေါ်လာ (၅) ဘီလီယံကျော် ထပ်မံရင်းနှီးမြှုပ်ခဲ့ရာ စွမ်းအင်ကဏ္ဍတခုတည်း၌ (၆.၄) ဘီလီယံ ရှိပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့နှင့် အာရှအလယ်ပိုင်းမှ ရေနံများ တရုတ်ပြည်သို့ သယ်ယူရေးအတွက် ပိုက်လိုင်းဖောက်လုပ်ရေး စီမံကိန်း၊ မြစ်ဆုံရေကာတာ ရေအားလျှပ်စစ်စီမံကိန်း၊ တရုတ်နှင့် မြန်မာဆက်သွယ်မည့် မီးရထားလမ်းဖောက်လုပ်ရေး စသည့် စီမံကိန်းလုပ်ငန်းများတွင်လည်း တရုတ်က ရင်းနှီးမြှုပ်နှံ လုပ်ဆောင်နေသည်။

ယခုကဲ့သို့ တရုတ်-မြန်မာအစိုးရအကြား ရင်းနှီးစွာဆက်ဆံနေမှုသည် ယခင်ကထက် ပိုမိုပြီး အထူးတလည် တိုးတက် လာခြင်းမျိုးမဟုတ်ဘဲ တဖက်နှင့်တဖက် အပြန်အလှန် အကျိုးစီးပွားအရ ဆက်ဆံနေခြင်းသာဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ် နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“သံတမန်စကားအရ ပြောကြတာ ဆိုကြတာတော့ ရှိတာပေါ့ဗျာ။ တကယ်တော့ အပြန်အလှန် အကျိုးစီးပွားတွေအတွက် ဆက်ဆံနေတာပေါ့။ နိုင်ငံတကာအခြေအနေအရ ဆက်ဆံနေရတာလည်း ရှိတယ်။ မြန်မာကတော့ တရုတ်ကို မှီခိုရတဲ့အပိုင်း ပိုတာပေါ့။ တရုတ်က ရင်းနှီးမြှုပ်နှံတဲ့အပိုင်းမှာ စွမ်းအင်တို့၊ ဓာတ်သတ္တုတို့မှာ လာရင်းနှီးမြှုပ်နှံတာက တရုတ်အစိုးရက အကျိုးရှိစေတာပေါ့။ ပိုက်လိုင်းလိုကျတော့ စောသေးတယ်။ အဲဒီအတွက် တရုတ်က ရင်တမမ ဖြစ်နေရမှာ” ဟု ပြောသည်။

တရုတ်နှင့် မြန်မာအစိုးရအကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့ခြင်း နှစ် (၆ဝ) ပြည့်မြောက်သည့် ယခုနှစ်အတွင်း တရုတ်ဝန်ကြီးချုပ် မစ္စတာ ဝမ်ကျားပေါင်က မြန်မာနိုင်ငံသို့ ဇွန်လအတွင်းသွားရောက်ခဲ့ပြီး တရုတ်သမ္မတ မစ္စတာ ဟူကျင်းတောင်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်ပြည်သို့ အပြန်အလှန် သွားရောက်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment