Tuesday, September 7, 2010

. .

အပူလှိုင်း ထိန်းသိမ်းနိုင်ရန် သစ်ပင်စိုက်ပျိုး

မြတ်ခိုင်ဦး / ၀၇ စက်တင်ဘာ ၂၀၁၀


ပြီးခဲ့သည့်မေလအတွင်း မန္တလေးမြို့တွင် အပူလှိုင်းဖြတ်သန်းမှု ဖြစ်ပွားခဲ့ပြီးသည့်နောက် အပူလှိုင်းထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ စိမ်းရောင်စိုအဖွဲ့မှ (၁၅) ကြိမ်မြောက် သစ်ပင်စိုက်ပျိုးမှု ပြုလုပ်ကြသည်။

အဆိုပါစိုက်ပျိုးမှုအစီအစဉ်ကို လွန်ခဲ့သည့် ဇွန်လ (၅) ရက်နေ့မှစတင်၍ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်လာခဲ့ကြခြင်းဖြစ်ပြီး မန္တလေးမြို့မှ လူထုစာပေတိုက်နှင့် စာရေး ဆရာများ၊ ကဗျာဆရာများ၊ ဆရာဝန်များ၊ ကုန်သည်များ စုပေါင်း၍ စိမ်းရောင်စို လှုပ်ရှားမှုဟုခေါ်ဆိုသော သစ်ပင်ချစ်သူများက စိုက်ပျိုးကြခြင်းဖြစ်သည်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ် သူငယ်တော်တောရ လောကထွဠ်တင် စေတီနှင့် ပင်းယ ရွှေစည်းခုံ စေတီဘုရားဝင်းများ အတွင်းတွင် အရေအတွက် (၂၀၀) ကျော်ရှိသော အပင်ကြီးမျိုးများဖြစ်သည့် မယ်ဇယ်၊ တမာ၊ မန်ကျည်း၊ သပြေ၊ ဘွားဘက်တော်၊ ခရေပင်များအား စိုက်ပျိုးကြခြင်းဖြစ်သည်။ ယခုအခါတွင် အပင်ပေါင်း (၃,၀၀၀) ကျော်ကို စိုက်ပျိုး ခဲ့ပြီးဖြစ်သည်။

ထိုသို့စိုက်ပျိုးရခြင်းသည် မေလဆန်းအတွင်းက မန္တလေးတွင် ရက်ပေါင်း (၂၀) ခန့် ဖြစ်ပေါ်ခဲ့သော အပူလှိုင်းဖြတ်မှုတွင် လူအတော်များများ သေဆုံးခဲ့ရ၍ ကပ်ရောဂါသဘောမျိုး လူအများ အထိတ်တလန့် ဖြစ်ခဲ့ကြရပြီး မေလ (၁၅)ရက် တနေ့တည်းတွင်ပင် လူ (၂၀၀) ကျော်ခန့် သေဆုံးမှုများ ရှိခဲ့သဖြင့် သစ်ပင်စိုက်ခြင်းဖြင့် အပူလှိုင်းကို ထိန်းနိုင်ပြီး သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို လူအများသိရန် ရည်ရွယ်ကြောင်း စိမ်းရောင်စိုအဖွဲ့ဦးဆောင်သူ တဦးဖြစ်သည့် ကိုအောင်က ပြောကြားသည်။

မန္တလေးမြို့တွင် နာရေးကူညီမှုအသင်း (၄၃) သင်းရှိပြီး အဆိုပါအသင်းမှ ကားများမှာ အပူလှိုင်း ကျရောက်သည့် ကာလအတွင်း အားလပ်မှု မရှိတော့သည်အထိဖြစ်ခဲ့ရကြောင်း၊ ထိုရက်ပိုင်းတွင် မန္တလေး တောင်မြင့် သုသာန်တခုတည်းတွင် လူပေါင်း (၁၀၀) ကျော် နေ့စဉ်သင်္ဂြိုဟ်ခဲ့ရပြီး မန္တလေး တမြို့လုံးတွင် လူပေါင်း (၂,၀၀၀) ကျော် သေဆုံးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါအဖွဲ့သည် မူလတန်းကျောင်းများတွင် သစ်ပင်စိုက်ပျိုးပေးခြင်းနှင့်အတူ စာအုပ်စာတမ်းများ ပေးလှူခြင်း၊ ဆရာဝန်များက ကျန်းမာရေး စစ်ဆေးပေးမှုများ ပြုလုပ်ခြင်းနှင့် ဖျော်ဖြေရေးအဖြစ် ကလေးငယ်များအား မျက်လှည့်ပြသခြင်းတို့ကိုလည်း ပြုလုပ်ကြသည်ဟု သိရသည်။

စိမ်းရောင်စိုအဖွဲ့ဝင်များသည် အပတ်စဉ်စနေနေ့တိုင်း အင်္ကျီအစိမ်းရောင်များဝတ်၍ မန္တလေးတိုင်းရှိ မြို့နယ်များတွင် သစ်ပင်များ လိုက်လံစိုက်ပျိုးပေးနေခြင်းဖြစ်ပြီး အဆိုပါ လှုပ်ရှားမှုအတွက် ရန်ပုံငွေကို အလှူရှင်များက ထည့်ဝင်သည့်အပြင် အဖွဲ့ဝင်များက ကိုယ်စီစိုက်ထုတ်၍လည်း ပြုလုပ်နေကြခြင်းဖြစ်သည်။

“အတားအဆီး မရှိရင်တော့ ကျနော်တို့ ဆက်လုက်လုပ်ဆောင်သွားမှာပါ” ဟု ဦးဆောင်သူတဦးက ပြောဆိုသည်။

No comments:

Post a Comment