Tuesday, September 7, 2010

. .

ဗိုလ်ချုပ်မှူးကြီး တရုတ် ခရီးစဉ် စတင်

E-mail Print
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်ပြည်သို့ ငါးရက်ကြာ ခရီးစဉ်အဖြစ် ယနေ့ သွားရောက်သည်။

ဗိုလ်ချုပ်မှူးကြီးသည် တရုတ်သမ္မတ ဟူကျင်းတောင်နှင့် တွေ့ဆုံကာ လက်ရှိနှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုများကို ပြန်လည်သုံးသပ်မည် ဖြစ်ပြီး ပြည်တွင်းရေး အခြေအနေများနှင့် သတင်းအချက်အလက်များကို အပြန်အလှန် ဖလှယ်မည်ဟု တရုတ်နိုင်ငံ ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

TS-Family-arrived-Cn

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် မိသားစု တရုတ်နိုင်ငံသို့ ငါးရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင် ဘေဂျင်း လေဆိပ်သို့ ရောက်ရှိလာစဉ်(ဓာတ်ပုံ - Reuters)

ထို့အပြင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ပြီး ဒေသတွင်း အရေးနှင့် နိုင်ငံတကာ အရေးများတွင် အမြင်ချင်း ဖလှယ်မှုများကို ပြုလုပ်မည် ဟုလည်း ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်သည် နှစ်နိုင်ငံနယ်စပ်ရှိ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများကို စစ်အစိုးရက နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ဖိအားပေးသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

“၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ အရာရှိတဦးက “ဒီလိုအချိန်မှာတော့ တရုတ်နဲ့ပေါင်းပြီး ဖိအားပေးလာမှာကို အားလုံးက စိုးရိမ်နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက UWSA အဖွဲ့၏ ဌာနချုပ်ရှိရာ ပန်ဆန်းမြို့နှင့် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အခြေစိုက်ရာ မိုင်းလားမြို့ရှိ အစိုးရ၀န်ထမ်းများကို နအဖ စစ်အာဏာပိုင်များက နေရပ်သို့ ပြန်ခိုင်းခဲ့သည့်အတွက် ဒေသခံများအကြား စိုးရိမ်မှုများ ရှိနေသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်တွင် နယ်စပ် တိုင်းရင်းသားများ၏အရေး၊ လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အခြေအနေတို့အပြင် မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တပ်အတွင်း ရာထူးအပြောင်းအလဲများနှင့် ပတ်သက်၍ ဆွေးနွေး နိုင်သည်ဟု သုံးသပ်သည်။

ထို့အပြင် မကြာမီက သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ တရုတ်အစိုးရ၏ စိုးရိမ်မှုကို သွားရောက် နှစ်သိမ့်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဦးအောင်ကျော်ဇောက ဆက်လက်ရှင်းပြသည်။

ဗိုလ်ချုပ်မှူးကြီးနှင့်အတူ စစ်ဘက်၊ အရပ်ဘက် အစိုးရအရာရှိကြီး ၃၄ ဦးလိုက်ပါသွားသည်ဟု ဂျာမန်သတင်းဌာနတခု ဖြစ်သည့် DPA က ရေးသားဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးသည် ရှန်ဟိုင်းမြို့တွင် ပြုလုပ်နေသည့် “၂၀၁၀ ရှန်ဟိုင်း” ကုန်စည်ပြပွဲနှင့် ဂွမ်ဒေါင်းပြည်နယ်ရှိ ရှန်ကျင်း အထူးကုန်သွယ်ရေးဇုန်ကိုလည်း သွားရောက်မည်ဟု ဆင်ဟွာသတင်းက ဖော်ပြသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ရာ စစ်အစိုးရနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် ၁၅ ချက် လက်မှတ်ရေးထိုးခဲ့ပြီး ရခိုင်ကမ်းလွန်ဒေသမှ ထွက်သည့် သဘာဝဓာတ်ငွေ့ များကို သယ်ယူမည့် ပိုက်လိုင်းစီမံကိန်း၊ ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ခြင်းစသည့် ကဏ္ဍတို့ ပါဝင်သည်။

ဝမ်ကျားပေါင်၏ ခရီးစဉ်တွင် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၌ တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်ထားသော အပြည်ပြည်ဆိုင်ရာ ညီလာခံ ခန်းမ လွှဲပြောင်းပေးခြင်း အခမ်းအနားကို နှစ်နိုင်ငံ ၀န်ကြီးချုပ်များ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

မြန်မာ့ကုန်သွယ်ရေးကဏ္ဍတွင် တရုတ်ပြည်သည် ထိုင်းနှင့် စင်ကာပူပြီးလျှင် တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ တခု အဖြစ်ရှိပြီး ၂၀၀၉ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးရှိကာ ရင်းနှီးမြုပ်နှံမှုကဏ္ဍ တွင် ယခုနှစ် ဇန်န၀ါရီလ အထိ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ရှိသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

မကြာသေးမီ နှစ်များက စတင်၍ တရုတ်နှင့် မြန်မာသည် ရေအားလျှပ်စစ်၊ စွမ်းအင်၊ သတ္တု တူးဖော်ရေး၊ ဆက်သွယ်ရေး၊ ငါးဖမ်းလုပ်ငန်း၊ ထုတ်ကုန်လုပ်ငန်းနှင့် အခြေခံအဆောက်အဦများ၊ ယဉ်ကျေးမှု၊ သတင်းနှင့် အားကစားကဏ္ဍတို့တွင် ပိုမို ပူးပေါင်းဆောင်ရွက်လာသည်။

No comments:

Post a Comment