Thursday, December 23, 2010

. .

UNHCR-Malaysia ၏ ဆောင်ပုဒ်နှင့် အဖွဲ့အစည်းများ

(၀န်ခံချက်.........သူငယ်ချင်းဖြစ်သူကိုပါလ ဘလောက်မှကူးယူဖော်ပြပါသည်။)

မလေးရှားနိုင်ငံမှာ ကူညီသူမဲ့ပြီး ဒုက္ခရောက်လို့ UNHCR လို့ခေါ်တဲ့ ဒုက္ခသည်ရုံးကို အကူအညီသွားတောင်းကြသူတိုင်းကို UNHCR - Malaysia က ပြောလွှတ်လေ့ရှိတဲ့ စကားတခွန်းရှိပါတယ်။ လက်သုံးစကား (သို့) ဆောင်ပုဒ်လို့ ပြောလို့ရမယ်ထင်ပါတယ်။

အဲဒီ UNHCR - Malaysia ရဲ့ လက်သုံးစကား (သို့) ဆောင်ပုဒ်ကတော့ "Go to Communities" ပါတဲ့ခင်ဗျာ။

ကားအက်ဆီးဒင့်ဖြစ် ပေါင်ပြတ်ပြီး သွေးစက်လက်နဲ့ ရောက်သွားတဲ့လူနာကိုလည်း "Go to Communities"

အထောက်အထားမရှိတဲ့ ကိုယ်ဝန်ဆောင်သည်တယောက် မီးဖွားဖို့အခက်အခဲဖြစ်လို့ အကူအညီသွားတောင်းရင်လည်း "Go to Communities"

ယုတ်စွအဆုံး ၃-နှစ်အရွယ် ကလေးငယ်လေးတယောက် အဖမ်းခံရလို့ အကူအညီသွားတောင်းတာတောင်မှ ဘာအကူအညီမှမပေးဘဲ "Go to Communities" ပဲ ပြောလွှတ်လိုက်ပါတယ်။

"Go to Communities" ရဲ့ဆိုလိုရင်းကတော့ “UNHCR ကအကူအညီမပေးနိုင်ပါဘူး။ အဖွဲ့အစည်း (Communities) တွေဆီကို သွားပြီး အကူအညီသွားတောင်းပါ” လို့ ပဲဖြစ်ပါတယ်။

တကယ်ဒုက္ခရောက်နေတဲ့သူတယောက် နိုင်ငံတကာအသိအမှတ်ပြု ဒုက္ခသည်ရုံးရှေ့ကို ရောက်သွားတာတောင်မှ ရုံးထဲဝင်ခွင့်၊ ဒုက္ခရောက်နေကြောင်း ပြောပြခွင့်မရှိဘဲ အပြင်ကနေပြီးတော့ပဲ တခြားနေရာကိုထပ်သွားဖို့ အပြောခံရတာဟာ တကယ်စဉ်းစားကြည့်ရင် ရင်နာစရာကောင်းပါတယ်။

နောက်တခုက ဒုက္ခသည်ကို လက်ခံတဲ့နေရာမှာလည်း လာပို့သူ ဘယ်သူဘယ်ဝါဆိုတဲ့ အပေါ်မှာမူတည်ပြီး လက်ခံပါတယ်။ ဆိုလိုတာက လိုက်ပါကူညီပေးသူဟာ အလုပ်ရှိရှိမရှိရှိ UNHCR ရုံးမှာပဲ တနေကုန်တနေခမ်းနေပြီး အရာရှိများအကြိုက်လိုက် အဆင်ပြေအောင်ပေါင်းနေသူများနဲ့ ပိုက်ဆံချမ်းသာပြီး UNHCR မှ Officers များကို မလေးရှားရင်းဂစ် (RM) မှန်မှန်ခွံ့ပေးနိုင်သူများနဲ့ အဲလိုအဖွဲ့အစည်းများမှ လိုက်ပို့ပေးရင်တော့ လက်ခံတတ်ပါတယ်။ ကျန်တဲ့လူတွေလိုက်ပို့ပေးရင်တော့ အထက်ပါလူများ၊ အဖွဲ့အစည်းများမှတဆင့် လာပါလို့ပြောပြီးတော့ လက်မခံပါဘူး။

မလေးရှားနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်း (Communities) တွေကို ယေဘုယျအားဖြင့် သုံးမျိုးခွဲခြားပြောလို့ ရမယ်ထင်ပါတယ်။

ပထမတမျိုးက UNHCR - Malaysia ကဲ့သို့ နိုင်ငံတကာအသိအမှတ်ပြု အထောက်အပံ့ရရှိထားတဲ့ တရားဝင်အဖွဲ့အစည်းတွေပါ။

ဒုတိယနဲ့တတိယနှစ်မျိုးကတော့ မြန်မာနိုင်ငံမှနေ မလေးရှားကိုရောက်လာပြီး တရားဝင်မှတ်ပုံမတင်ဘဲ မလေးရှားအစိုးရရဲ့ နားလည်မှုနဲ့ပဲဖွဲ့စည်းထားတဲ့ မြန်မာအဖွဲ့အစည်းများဖြစ်ပြီး ပထမအမျိုးအစား အဖွဲ့အစည်းတွေကို အမှီသဟဲပြုနေရပါတယ်။ (UNHCR - Malaysia ၏ဆောင်ပုဒ်ဖြစ်သော " Go to Communities " မှာ ထိုအဖွဲ့အစည်းများကို ရည်ညွှန်းခြင်းဖြစ်သည်)

မြန်မာအဖွဲ့အစည်းနှစ်မျိုးထဲက ဒုတိယတမျိုးဟာ မြန်မာနိုင်ငံအရေး၊ ဒုက္ခသည်အရေးများဗန်းပြပြီး မြန်မာလူမျိုးတွေဆီက ရထားတဲ့ပိုက်ဆံတွေကို ရန်ပုံငွေလုပ်ပြီး ၀န်ထမ်းတွေကို လခပေးခန့်ထားနိုင်တဲ့အထိ ချမ်းသာကြွယ်ဝနေတဲ့ အဖွဲ့အစည်းတွေပါ။ UNHCR မှ Officers များကို မလေးရှားရင်းဂစ် (RM) မှန်မှန်ခွံ့ပေးနိုင်တဲ့ အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။

တတိယတမျိုးကတော့ နိုင်ငံရေးအလုပ်၊ လူမှုရေးအလုပ်ကိုပဲ စိုက်လိုက်မတ်တပ်လုပ်ပြီး ပိုက်ဆံရဖို့လုပ်တာမဟုတ်၊ UNHCR ကပေးတဲ့မှတ်ပုံတင်ရဖို့ လုပ်တာမဟုတ်ဘူးလို့ ယူဆထားတဲ့ အဖွဲ့အစည်းများပါ။ ဒီလိုအဖွဲ့အစည်းတွေမှာကျတော့ ရန်ပုံငွေအားနည်းပါတယ်။ UNHCR - Malaysia ကိုလည်း မှတ်ပုံတင်ရဖို့ ဖော်လံဖားလုပ်ခြင်းမရှိဘဲ ဒုက္ခသည်ကိစ္စရှိမှသာ UNHCR ရုံးရောက်ဖြစ်တဲ့အတွက်ကြောင့် ထိတွေ့မှုအားနည်းပါတယ်။ ရန်ပုံငွေအခက်အခဲကြောင့်လည်း UNHCR -Malaysia မှ Officers များကို မလေးရှားရင်းဂစ် (RM) မှန်မှန်ခွံ့ပေးနိုင်ခြင်း မရှိပါဘူး။ ကိုယ့်ယုံကြည်ချက်ကို ကိုယ့်ခွန်ကိုယ့်အားနဲ့ ကိုယ်တိုင်စိုက်ထူနေကြတဲ့ အဖွဲ့အစည်းတွေပါ။

UNHCR - Malaysia ဟာ ရန်ပုံငွေတောင့်တင်းပြီး ဖော်လံဖားလုပ်နိုင်တဲ့ အဖွဲ့အစည်းတွေကိုမှ အထင်တကြီးဖြစ်နေတာကို တွေ့မြင်နေရတာ ၀မ်းနည်းစရာကောင်းပါတယ်။

ပိုက်ဆံအတွက်ကြောင့်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေဆီ ဒုက္ခသည်တယောက်ကို "Go to Communities" ဆိုပြီး ပြန်ညွှန်လိုက်တာဟာ အဲဒီအဖွဲ့အစည်းက ဒုက္ခသည်ဆီမှာရှိတဲ့ငွေကို အလွှာလိုက်ချွတ်ယူခိုင်းလိုက်တာနဲ့ အတူတူပဲဖြစ်နေပါတယ်။ ပိုက်ဆံမှမပေးနိုင်ရင်လည်း ဒီလိုအဖွဲ့အစည်းတွေက လုပ်ပေးဖို့ဆိုတာ မျှော်လင့်စရာမရှိနိုင်ပါဘူး။

တတိယအမျိုးအစား မြန်မာအဖွဲ့အစည်းတွေကတဆင့် ဒုက္ခသည်အကြောင်းကို တင်ပြပြန်ရင်လည်း UNHCR - Malaysia က များသောအားဖြင့်လက်မခံပါဘူး။ လက်ခံပြန်ရင်လည်း delay လုပ်ထားတာများတဲ့အတွက်ကြောင့် အမှန်တကယ် ဒုက္ခရောက်နေသူအဖို့ အရမ်းနစ်နာလှပါတယ်။ အကြောင်းကတော့ အထက်ကဆိုခဲ့ပါအတိုင်း UNHCR - Malaysia နဲ့ရင်းနှီးမှုအားနည်းလို့ပါ။

နိဂုံးချုပ်ပြောရရင်တော့ UNHCR - Malaysia ရဲ့လက်သုံးစကားဖြစ်တဲ့ "Go to Communities" ဆိုတာဟာ ရေနစ်နေသူကို တွေ့နေပါလျက် ဆင်းမဆယ်ဘဲ မြန်မြန်ရေအောက်ရောက်သွားအောင် ၀ါးလုံးနဲ့ကူထိုးပေးနေတာနဲ့ အလားသဏ္ဍာန်တူပါကြောင်း............

လူသားတိုင်း တန်းတူညီမျှသော အခွင့်အရေးရရှိစေရန် ရည်ရွယ်လျက်.......
မောင်ပါလ

မှတ်ချက်---- "Go to Communities" ကြောင့် ဒုက္ခပင်လယ်ဝေနေကြသော ဒုက္ခသည်များ၏ တယောက်ချင်း အကြောင်းများကို ထပ်မံဖော်ပြပေးပါမည်။

1 comment:

win oo said...

ဖြစ်နိုင်လျှင်ကိုယ့်အားကိုကိုးတာအကောင်းဆုံးပဲဗျာ

Post a Comment