Monday, December 6, 2010

. .

ကျွန်တော်နှင့် ရိုးရာဓလေ့

အပိုင်း-(၁)


ကားပေါ်က ဆင်းတာနဲ့ လမ်းပေါ်မှာ လှုပ်ရှားသွားလာနေတဲ့ လူတွေကိုကြည့်ပြီး စိတ်ထဲကြည်နူးနေမိပါတယ်။တွံတေးမြို့ဟာ ကျွန်တော့်မွေးဇာတိဒေသ မဟုတ်ပေမယ့် နေချင်စဖွယ်ကောင်းတဲ့မြို့လေးပါ။အခုကျွန်တော် ကားပေါ်ကဆင်းတော့ ညနေစောင်းနေပါပြီး။ တွံတေးမြို့ရဲ့ ညနေစောင်းအချိန်လေးဟာ သာယာလွမ်းမောဖွယ်ကောင်းလွန်းပါတယ်။ ရောက်ဖူးသူတိုင်းသိကြမှာပါ။ အဲဒါကြောင့် ကျွန်တော်လည်း အိမ်ကိုချက်ချင်းတန်းမပြန်သေးဘဲ ညနေဆည်းဆာအလှကို တ၀ကြီး ကြည့်ရှု့ ခံစားနေလိုက်ပါသေးတယ်။ဒီလိုမြင်ကွင်းမျိုးဟာ ကျွန်တော့်ဘ၀မှာ နောက်ထပ်တစ်ကြိမ် ပြန်ရနိုင်ဖို့ မလွယ်တော့ဘူးဆိုတာ ရင်ထဲမှာ အလိုလိုသိနေမိပါတယ်။တကယ်တော့ ကျွန်တော်က ၃နှစ်သားအရွယ်လေးထဲက ရန်ကုန်မှာရှိတဲ့ အဒေါ်အိမ်မှာနေလာခဲ့
တာပါ။တစ်နှစ်ကိုတစ်ခါ နွေရာသီကျောင်းပိတ်တိုင်း အိမ်ကိုပြန်နေကျပါ။ဇာတိမွေးရပ်မြေက ကရင်ချောင်းအတွင်းမှာရှိတဲ့ ဆိပ်ကြီးခနောင်တိုကျေးရွာပါ။နောက်တော့ တွံတေးကို တစ်မိသားစုလုံး အပြီး ပြောင်းလာကြပါတယ်။တစ်ခါတစ်လေတော့ မွေးရပ်မြေဖြစ်တဲ့ ခနောင်တိုကျေးရွာကို ပြန်လေ့ရှိပါတယ်။အခုလည်းနတ်စားဖို့ တွံတေးကို ပြန်ရောက်လာတာပါ။တခြားကျွန်တော့် အစ်ကိုတွေလည်းနေရာဒေသ အသီးသီးက ရောက်နေကြပါပြီး။အိမ်ရောက်တော့ ညမိုးချုပ်နေပါပြီး။ရေချိုးထမင်းစားပြီး မိသားစုနဲ့ စကားနည်းနည်းပြောပြီးတာနဲ့ အိပ်လိုက်ပါတော့တယ်။
" ဟဲ ....အပြူး...ထ.ထ..နတ်စားတော့မယ်...အားလုံးစုံပြီး....နင်တစ်ယောက်တည်းကျန်တော့တယ်.." ။ ကျွန်တော့်အစ်မ မိစု လာခေါ်နိုးမှ ကျွန်တော်လည်း အိပ်ချင်မူးတူးနဲ့ထ မျက်နှာသစ်ပြီး နတ်စားမယ့် အခန်းထဲကိုဝင်လိုက်ပါတယ်။အထဲရောက်တော့ ကျွန်တော်ကလွဲရင် အပါး၊အမိုးနဲ့ညီအစ်ကိုမောင်နှမတွေ အားလုံးစုံနေပါပြီး။ ဒုတိယမြောက်အစ်ကိုဖြစ်တဲ့ ကိုတင်အောင်ဝင်းက ကျွန်တော်ကို ကြည့်ပြီး အသံတိတ်နည်းနဲ့ ပါးစပ်ကပွစိပွစိလုပ်ပြပါတယ်။ကျွန်တော်လည်း ရယ်ကျဲကျဲနဲ့ ခေါင်းကုတ်ပြီး အခန်းထောင့် တစ်နေရာမှာ ၀င်ထိုင်လိုက်ပါတယ်။ကျွန်တော်တို့ကရင်ရိုးရာဓလေ့အရ တစ်နှစ်တခါ နတ်စားခြင်း
လို့ခေါ်တဲ့ ဓလေ့ထုံးစံလေးပြုလုပ်နေတာပါ။ ကရင်အိမ်တစ်အိမ်မှ နတ်စားပြီးဆို(ရိုးရာအရ ပူဇော်ပသတာကို ဆိုလိုတာပါ။) အဲဒီအိမ်က မိသားစုဝင်အားလုံးဟာ နတ်မစားခင်တစ်ရက်ကြိုပြီး အတူတူရှိရပါတယ်။နတ်စားတဲ့
အချိန်၂ ချိန်ရှိပါတယ်။မနက်မိုးမလင်းခင် ၁ကြိမ်နဲ့ နေ့လည်ပိုင်းမှာ ၁ကြိမ် စားကြပါတယ်။မနက်ပိုင်းမှာ ကြက်နဲ့
စားပြီး နေ့လည်ပိုင်းမှာတော့ ၀က်နဲ့စားပါတယ်။ နတ်စားတဲ့ အခါမှာ လည်း အမိုးအတွက်တစ်ရက်၊အပါးအတွက်တစ်ရက် စုစုပေါင်း၂ရက်စားရပါတယ်။အမိုးနေ့မှာ နတ်စားရင် ရိုးရာအရအမိုးနဲ့ဖထီးကိုပူဇော်ပသပြီးတာနဲ့ မိသားစုမှာ အမိုးကအရင်ဆုံးစစားရပြီး ပြီးမှအပါးစားရပါတယ်။နောက်သားသမီးတွေကြီးစဉ်ငယ်လိုက် ဆက်စားရပါတယ်။
အပါးနေ့ဆိုလည်း ပူဇော်ပြီးတာနဲ့ အပါးကအရင်စားရပြီးမှ အမိုး၊ပြီးမှ သားသမီးတွေကြီးစဉ်ငယ်လိုက်စားကြရ
ပါတယ်။အခုလည်း လူစုံပြီးဆိုတာနဲ့ အခန်းတံခါးကို ပိတ်လိုက်ပါတယ်။ဓလေ့ထုံးစံအရ နတ်စားနေတဲ့ အချိန်မှာ
အခန်းထဲကို ဘယ်လူစိမ်းမှ ၀င်ခွင့်မရှိပါဘူး။တံခါး ပိတ်ပြီးတာနဲ့ အပါးက ရှေ့နည်းနည်းတိုးပြီး အမိုးနဲ့ဖထီးအတွက် ပူဇော်ထားတဲ့ ဆေးပြင်းလိပ်၊ကွမ်း၊လက်ဖက်၊ဖယောင်းတိုင်စတဲ့ ပစ္စည်းတွေနဲ့ နတ်စားတဲ့ ဗန်းကြီးကို သေချာပြင်ဆင်လိုက်ပါတယ်။ပါးစပ်ကလည်း ပင့်ဖိတ်ပြီး ပစ္စည်းအမျိုးအမည်တစ်ခုခြင်းရဲ့အမည် တွေကိုလည်းပြောပြရင်နဲ့ ပူဇော်ပသနေပါတယ်။ဆေးပြင်လိပ်ဆိုရင်လည်း မီးတကယ်ညှိပေးရပါတယ်။တခြားဟာတွေ ပူဇော်ပြီးတာနဲ့ နတ်စားတဲ့ ဗန်းထဲက ထမင်းဖြူ၊ငရုတ်သီးထောင်၊ကြက်ကောင်လုံးပြုတ် ၂ကောင်ကို လည်း လာရောက်ပြီးသုံး ဆောင်နိုင်ကြောင်း ဆက်ပြီးပူဇော်ပေးရပါတယ်။ အဲဒီလို အချိန်မှာ ကျန်တဲ့သူတွေက စကားမပြောပဲ ငြိမ်ငြိမ်လေး နေပေးရပါတယ်။ကျွန်တော်တို့မောင်နှမတွေအားလုံးရဲ့ အကြည့်ကတော့ နတ်စားတဲ့ ဗန်းစီရောက်နေကြပါတယ်။ဗန်းထဲမှာက လတ်တလောချက်ထားပြီးတဲ့ ထမင်းတို့၊ကြက်ကောင်လုံးပြုတ်တို့က အငွေ့တထောင်းထောင်းနဲ့ စားချင်စဖွယ်ဖြစ်နေပါတော့တယ်။အားလုံးရဲ့ ရင်ထဲမှာတော့ ငါ့အလှည့်ကျရင်ဖြင့် ဘယ်ဟာကို စားမယ်ဆိုပြီး တွေးထားကြပါတယ်။ ၁၀မိနစ်လောက်ကြာတော့ အပါးက အမိုးကို နတ်စားတဲ့ဗန်းထဲက အစားအစာတွေကို စတိသဘောနဲ့ စားဖို့ခေါ်လိုက်ပါသေးတယ်။........ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment