Sunday, May 30, 2010

. .

သမီးလေးရဲ့ စွန့်လွှတ်ခြင်း


တစ်နေ့မှာ ကျွန်မတို့နေတဲ့မြို့နဲ့ သိပ်မဝေးကွာလှတဲ့ မြို့ငယ်ကလေးမှာ အင်အားပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်သွားခဲ့ပါတယ်.. မုန်တိုင်းကြောင့် လူပေါင်းများစွာ အိမ်ခြေတွေ ပျက်စီးဆုံးရှုံးရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါတယ်.. မြို့နယ်သတင်းစာတွေမှာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်သူတွေ၊ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးကြသူတွေရဲ့ သတင်းတွေ အဆက်မပြတ် ဖော်ပြနေကြပါတယ်..တနင်္ဂနွေနေ့မှာ ထုတ်တဲ့ သတင်းစာတစ်စောင်မှာ ပါလာတဲ့ ပုံလေးတစ်ပုံနဲ့ သတင်းလေးတစ်ပုဒ်ကြောင့် ကျွန်မရင်ထဲ ထိထိခိုက်ခိုက် ခံစားလိုက်ရပါတယ်.. ပုံထဲမှာ မုန်တိုင်းကြောင့် လွှင့်စင်ပြိုလဲကျနေတဲ့ အိမ်ငယ်ကလေးတစ်လုံးရဲ့ ရှေ့မှာ မျှော်လင့်ချက်ဟူသမျှ အကုန်လုံး ဆုံးရှုံးထားသူတစ်ယောက်ရဲ့ စိတ်ဆင်းရဲ ညှိုးငယ်နေတဲ့ မျက်နှာ၊ ၀မ်းနည်း နာကျင်နေတဲ့ မျက်နှာမျိုးနဲ့ မိန်းမငယ်တစ်ယောက် ရပ်နေခဲ့ပါတယ်.. သူမရဲ့ ဘေးနားမှာတော့ မျက်လွှာကို အောက်စိုက်ချထားတဲ့ အသက်၇နှစ်အရွယ် ကောင်လေး တစ်ယောက်နဲ့ ဂါဝန်လေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ကင်မရာကို ထိတ်လန့် တုန်လှုပ်စွာ ငေးစိုက်ကြည့်နေတဲ့ အသက်၅နှစ်အရွယ် ကလေးမလေးတို့ ရှိနေကြပါတယ်..
ပုံလေးနဲ့အတူ တွဲဖက်ပါလာတဲ့ သတင်းလေးက မုန်တိုင်းဒဏ်ကြောင့် အရာရာ ဆုံးရှုံးသွားတဲ့ ဒီမိသားစုအတွက် သင့်တော်မဲ့ အ၀တ်အစားလေးများ၊ အစား အသောက်များ ကူညီလှူဒါန်းလိုသူ ရှိပါက လာရောက်ပေးကမ်း လှူဒါန်းနိုင်ကြောင်းလေးကို ဖော်ပြထားပါတယ်.. ဖော်ပြထားတဲ့ သတင်းနဲ့ ဓာတ်ပုံလေးကိုကြည့်ပြီး ထိုမိသားစုလေးကို သနားကရုဏာ သက်မိသလို ကိုယ်ချင်းလဲစာမိပါတယ်.. ပြီးတော့ ကျွန်မမှာလည်း ဒီကလေးတွေအရွယ် သားလေး၂ယောက်နဲ့ သမီးလေး တစ်ယောက် ရှိတာကြောင့် သူတို့လေးတွေရဲ့ အ၀တ်အစားလေးတွေဟာ ထိုသနားစရာ မိသားစုလေးနဲ့ သင့်တော်လောက်ပါတယ်.. ဒီလို စဉ်းစားလိုက်မိတော့ ဒုက္ခရောက်နေသူ၊ အကူအညီလိုအပ်နေသူ၊ ကိုယ့်ထက် ဆင်းရဲနွမ်းပါးသူများကို ကူညီချင်တတ်တဲ့ စိတ်ကလေး ဖြစ်လာအောင် ကျွန်မရဲ့ ကလေးငယ်တွေကို လှုံ့ဆော်သင်ခန်းစာလေးပေးရင်း ဒီမိသားစုကို ကူညီဖို့ ပိုပြီး စိတ်ဝင်စားလာမိပါတော့တယ်..
ဒါကြောင့် ကျွန်မလဲ သတင်းစာပါ ဓာတ်ပုံလေးကို ဖြတ်ပြီးတော့ ရေခဲသေတ္တာမှာ ကပ်ထားလိုက်ပါတယ်.. ပြီးတော့ ကျွန်မရဲ့ ၇နှစ်အရွယ် သားအမွှာ ၂ယောက်နဲ့ ၅နှစ်အရွယ် သမီးလေးတို့ကို ဒီမိသားစုရဲ့ အဖြစ်အပျက်နဲ့ ဆင်းရဲဒုက္ခအကြောင်းကို ရှင်းပြပါတယ်.. “မေမေတို့မှာ ပစ္စည်းတွေ၊ စားစရာတွေ၊ အ၀တ်တွေ အများကြီး ရှိပေမဲ့ ဒီမိသားစုမှာကျတော့ ဘာမှ မရှိရှာဘူး.. အစားအသောက်လဲမရှိ၊ အ၀တ်တောင်ဝတ်စရာ မရှိအောင် ဒုက္ခရောက်နေကြတယ်.. စိတ်ကောင်း နှလုံးကောင်းရှိသူဆိုတာ မရှိဆင်းရဲတဲ့လူတွေကို တတ်နိုင်သလောက် ကူညီသင့်တယ်.. ဒီတော့ မေမေတို့က ကိုယ့်မှာ ရှိတာလေးတွေ သူတို့ကို ပြန်ပြီး ဝေငှ ပေးကြရအောင်” လို့ ပြောပြရပါတယ်.. ကလေးတွေက ကျွန်မစကားကို ငြိမ်သက်စွာ နားထောင်နေခဲ့ပါတယ်.. ထို့နောက် ကျွန်မက ထပ်ခိုးပေါ်မှာ တင်ထားခဲ့တဲ့ သေတ္တာ ၃လုံးကို ယူချလာပြီး အိမ်ဧည့်ခန်းရဲ့ ကြမ်းပြင်ပေါ်မှာ ချထားလိုက်ပါတယ်.. ပြီးတော့ သေတ္တာ တစ်လုံးထဲကို စည်သွပ်ဘူးများ၊ အခြား တာရှည်ခံ စားသောက် ဖွယ်ရာများ၊ ဆပ်ပြာနဲ့ လူသုံးပစ္စည်းတို့ကို ထည့်နေပါတယ်.. သမီးအငယ်လေးဟာ ကျွန်မလုပ်နေ ကိုင်နေတာကို ဘေးကနေရပ်ပြီး လေးလေးနက်နက် စူးစူးစိုက်စိုက် မျက်တောင်မခတ်တမ်း ကြည့်နေခဲ့ပါတယ်..
နောက်သေတ္တာတစ်ခုထဲကိုတော့ ကျွန်မတို့မိသားစု မ၀တ်ဖြစ်တော့တဲ့ အ၀တ်ဟောင်းကလေးတွေကို စီပြီးထည့်နေတုန်း ကျွန်မရဲ့ကလေးတွေကို သူတို့ မကြိုက်တော့တဲ့ အရုပ်လေးတွေ သွားယူလာပြီး မုန်တိုင်းဒဏ်ခံရတဲ့ မိသားစုထဲက ကလေးငယ်တွေအတွက် အ၀တ်အစား၊ စားသောက်ကုန်စတဲ့ ပစ္စည်းတွေနဲ့အတူ ထည့်ပေးလိုက်ကြရအောင် လို့ တိုက်တွန်းလိုက်ပါတယ်.. ကျွန်မစကားအဆုံးမှာ သားအမွှာ၂ယောက်ဟာ ပြေးထွက်သွားကြပြီး သူတို့ မကြိုက်တော့တဲ့ အရုပ်ဟောင်းများ၊ ကစားစရာဟောင်းများကို အသီးသီး သွားယူလာကြတာကို အငယ်ဆုံး သမီးလေးဟာ ငြိမ်ငြိမ်သက်သက် ကြည့်နေခဲ့ပါတယ်. ဒါနဲ့ ကျွန်မလဲ “သမီးလေး မေမေ ဒီအ၀တ်တွေထည့်ပြီးရင် ဟိုကလေးမလေးအတွက် ကစားစရာတစ်ချို့ သမီးလေးရဲ့ အရုပ်တွေထဲကနေ သွားယူပေးလိုက်မယ်နော်..” လို့ပြောလိုက်ပါတယ်..
အမွှာ၂ယောက်ကတော့ သူတို့ ယူလာခဲ့တဲ့ အရုပ်တွေကို သေတ္တာတစ်ခုထဲကို ထည့်နေကြပါတယ်.. ဒီစဉ်မှာဘဲ သမီးငယ်လေးဟာ အခန်းထဲကို ၀င်သွားပြီး ပြန်ထွက်လာတော့ လက်ထဲမှာ အရုပ်ကလေးတစ်ရုပ်ကို ကိုင်လာပါတယ်.. အဲဒီအရုပ်ကလေးက သမီးလေးရဲ့ အနှစ်သက်ဆုံး လူစီလို့ သူအမည်ပေးထားတဲ့ သူရဲ့ အချစ်တော် အရုပ်ကလေး.. သမီးလေးဟာ သေတ္တာရှေ့မှာ ခေတ္တရပ်လိုက်ပြီး အရုပ်ကလေးကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး ဆေးခြယ်ထားတဲ့ လူစီအရုပ်မလေးရဲ့ ပါးပြင်ပေါ်ကို နောက်ဆုံးအနမ်းကလေး ပေးလိုက်ကာ သေတ္တာထဲက သူမအစ်ကိုတွေ ထည့်ထားတဲ့ အခြားအရုပ်တွေနဲ့အတူ ထည့်လိုက်ပါတော့တယ်..
မနေနိုင်တဲ့ ကျွန်မက “အိုး.. သမီးလေးရယ်.. လူစီလေးက သမီးအကြိုက်ဆုံး အရုပ်ကလေးမဟုတ်လား.. ဒီအရုပ်လေးကို ဘာလို့ပေးရတာလဲ.. သမီးမှာ တစ်ခြားအရုပ်တွေ အများကြီးရှိရက်နဲ့ကွယ်.. အဲဒီထဲက သမီးမကြိုက်တဲ့ အရုပ်ကလေးတွေ ပေးလိုက်လေ” လို့ ကျွန်မကပြောလိုက်တော့ သမီးလေးဟာ အရွယ်နဲ့မလိုက်အောင် လေးနက်တည်ကြည်မှုလေးနဲ့ ခေါင်းလေးကို အသာငြိမ့်လိုက်ပြီး “လူစီလေးကို သမီးသိပ်ချစ်ပါတယ်. မေမေရယ်.. သမီးကိုလည်း လူစီလေးက ပျော်ရွှင်မှုတွေ အများကြီးပေးခဲ့ပါတယ်.. ဟိုသနားစရာ ကောင်မလေးကိုလဲ လူစီလေးက ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်လို့ သမီးထင်ပါတယ်.. ဒါကြောင့်လဲ သူ့အတွက် သမီးအရမ်းချစ်တဲ့ လူစီလေးကို ထည့်ပေးလိုက်တာပါ. သူလဲ သမီးလိုဘဲ လူစီလေးကို ချစ်မှာပါ.. လူစီ့ကိုမြင်ရင် ပျော်သွားရှာမှာ.. ” လို့ ပြန်ပြောရှာပါတယ်..
သမီးလေးရဲ့ စကားအဆုံးမှာ ကျွန်မရင်ထဲ နင့်ခနဲဖြစ်သွားပြီး စကားမပြောနိုင်ဘဲ သမီးလေးကို ငေးစိုက်ကြည့်နေမိပါတော့တယ်.. ဒီလူစီဆိုတဲ့ အရုပ်မလေးအပေါ် ထားတဲ့ သမီးရဲ့ တွယ်တာမြတ်နိုးမှုကို ကျွန်မအသိဆုံးပါ။ သမီးလေးဟာ ဒီအရုပ်လေးကို ဘယ်သွားသွား လက်က မချတမ်း ယူသွားလေ့ရှိသလို ညအိပ်ရင်လဲ လူစီလေးနဲ့အတူ အိပ်လေ့ရှိပါတယ်.. တစ်ခြား ဘယ်အရုပ်တွေကိုမှ လူစီလောက် သူခင်တွယ်မှုလဲ မရှိပါဘူး.. ဒါကြောင့် လူစီဟာသမီးလေးရဲ့ ကိုယ်ပွားလေးလို့တောင် ပြောရင်ရတဲ့ အနေအထားပါ။ သမီးလေးဟာ ဘယ်လိုစိတ်မျိုးနဲ့များ သူသိပ်မြတ်နိုးတဲ့ အရုပ်ကို စွန့်လွှတ်နိုင်စွမ်းအားတွေ ရလာတာပါလိမ့်…
အမွှာဖြစ်တဲ့ သားကလေး၂ယောက်ဟာ သူတို့ ညီမရဲ့ အပြုအမူအတွက် ပါးစပ်လေးတွေ အဟောင်းသားနဲ့ ကြည့်နေကြရင်းက တစ်ယောက်က မပြောမဆိုနဲ့ အခန်းတွင်းသို့ ၀င်သွားပြီး သူ့အကြိုက်ဆုံး အရုပ်ကလေးကို သွားယူလာခဲ့ပါတယ်.. အရုပ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီးနောက် သူ့ညီမလေး မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သေတ္တာလေးထဲက လူစီအရုပ်ကလေးဘေးကို ထည့်သွင်းလိုက်ပါတော့တယ်.. ကျန်တဲ့ သားအမွှာ တစ်ယောက်ကလဲ သူ့မျက်နှာလေးဟာ တစ်ဖြေးဖြေးပြုံးလာပြီး ထိုင်ရာမှ ခုန်ထလိုက်ကာ သူ့အဖိုးတန်အရုပ်များထားရာ စင်ဆီကို ပြေးသွားပါတယ်.. ပြီးတော့ သူအကြိုက်ဆုံး၊ တန်ဖိုးအထားဆုံး ပြိုင်ကားကလေးကို သွားယူလာပါတယ်..
အဲဒီအချိန်လေးတွေမှာ ကျွန်မကလေးတွေရဲ့ မျက်လုံးလေးတွေဟာ ညအမှောင်ထုထဲက ကြယ်ပွင့်ကလေးရဲ့ အလင်းရောင်လေးလို တစ်ဖျတ်ဖျတ် လင်းလဲ့တောက်ပလို့ပါဘဲ.. အံ့သြစရာ ကောင်းလောက်အောင် ကျွန်မ နားလည် သဘောပေါက်လိုက်မိတာက သားအမွှာ၂ယောက်ဟာလည်း သူတို့ ညီမအငယ်လေးရဲ့ အပြုအမူကို နားလည် သဘောပေါက်ကြပြီး ညီမငယ်လေးလိုဘဲ သူတို့ မြတ်နိုးတန်ဖိုးထားတဲ့ အရုပ်ကလေးတွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ.. သူတို့လေးတွေရဲ့ အပြုအမူအတွက် ရင်ထဲမှာ တစ်စုံတစ်ရာခံစားချက်တို့ဖြင့် ကျွန်မပါးပြင်ပေါ် မျက်ရည်များ အဆက်မပြတ် ကျဆင်းလာကာ ကလေး၃ယောက်လုံးကို ချစ်ခင်ကြင်နာစွာ သိုင်းဖက်ထားလိုက်မိပါတော့တယ်..

အဲဒီနောက် ထည့်ပေးလိုက်မယ်လို့ ရည်ရွယ်ပြီး သေတ္တာထဲ ထည့်ထားမိတဲ့ ကျွန်မရဲ့ အနွေးထည် အဟောင်းလေးကို ဖယ်ထုတ်လိုက်ပြီး မကြာခင်ကမှ ကြိုက်လွန်းလို့ ကျွန်မ ၀ယ်လာခဲ့တဲ့ အစိမ်းရောင် သက္ကလပ်အင်္ကျီ အသစ်စက်စက်လေးကို ထည့်လိုက်ပါတော့တယ်.. ကျွန်မဒီအင်္ကျီကို နှစ်သက်သလို ပုံထဲက ကလေးအမေ မိန်းမငယ်လေးဟာလည်း နှစ်သက်သဘောကျမယ်လို့ ကျွန်မယုံကြည်ပါတယ်..
ဒီမှာတင်ဘဲ ကျွန်မသဘောပေါက်လိုက်မိတာက လူတွေဟာ သူတို့အတွက် မလိုအပ်တော့တဲ့ ပစ္စည်း၊ သိပ်အရေးမပါတဲ့ ပစ္စည်းတို့ကိုဆို လွယ်လွယ်ကူကူ ပေးကမ်းစွန့်ကြဲ နိုင်ကြပေမဲ့ ကိုယ်သိပ်မြတ်နိုးတဲ့ ပစ္စည်း၊ ကိုယ့်အတွက် တန်ဖိုးရှိတဲ့ပစ္စည်း ဆိုရင် စွန့်လွှတ်နိုင်ဖို့ ခက်ခဲကြပါတယ်… တကယ်တမ်းတော့ ရက်ရောတယ်ဆိုတာ ကိုယ့်အတွက်တန်ဖိုးရှိတဲ့ပစ္စည်း၊ ကိုယ်တကယ်မြတ်နိုးတဲ့ ပစ္စည်းကို စွန့်လွှတ်နိုင်မှသာလျှင် ရက်ရောတယ်လို့ ခေါ်ဆိုထိုက်ပါတယ်.. ကိုယ့်အတွက် အသုံးမလိုတဲ့၊ ကိုယ်မမြတ်နိုးတဲ့ ပစ္စည်းတွေကို စွန့်လွှတ်နိုင်ခြင်းဟာ ရက်ရောခြင်းမမည်ပါဘူး..
ကျွန်မရဲ့ ၅နှစ်အရွယ် သမီးငယ်ကလေးကတော့ သူအလွန်ချစ်ခင်စုံမက်တဲ့ အရုပ်ကလေးကို တစ်ဘက်သား ပျော်ရွှင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပြီး ရက်ရက်ရောရောနဲ့ စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်.. ကလေးတွေကို အလှူဒါန ပြုလုပ်တတ်ဖို့၊ အားနည်းသူတွေကို အကူအညီပေးတတ်တဲ့ အသိကောင်းလေးတွေ ၀င်လာအောင် သွန်သင်ဆုံးမဖို့၊ သင်ခန်းစာလေးတွေပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းပေးကမ်းဖို့ ကိစ္စကို ဆောင်ရွက်လိုက်ပေမဲ့ တကယ်တမ်းတော့ ကျွန်မကသာ သမီးငယ်လေးဆီက မထင်မှတ်ဘဲ သင်ခန်းစာကောင်းလေးတစ်ခုကို သင်ယူ ရရှိရလိုက်သူသာ ဖြစ်နေခဲ့ပါတယ်..
လူတွေရဲ့ အတ္တစိတ်ဟာ ကိုယ်မလိုအပ်တဲ့ အရာတွေကို အလွယ်တကူ ပေးကမ်းစွန့်လွှတ်နိုင်ကြပြီး ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေကိုတော့ အလွယ်တကူ စွန့်လွှတ်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်.. တကယ်တမ်းတော့ ကျွန်မရဲ့ အငယ်ဆုံး သမီးလေးဆီက ရလိုက်တဲ့ သင်ခန်းစာလေးလိုပါဘဲ.. ကိုယ့်ဆီမှာ အသုံးမလိုတဲ့ အရာတွေကို ပေးကမ်းနိုင်တာက စွန့်လွှတ်တာ မဟုတ်ဘဲ ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေကို ပေးကမ်း စွန့်လွှတ်နိုင်ခြင်း သည်သာလျှင် ရက်ရောတဲ့ စွန့်လွှတ်ခြင်းလို့ ခေါ်ဆိုထိုက်တယ် မဟုတ်ပါလားရှင်။
Ruthie ရဲ့ Lucy ကို နှစ်ခြိုက်မိသဖြင့် သာသာပြန် ခံစားရေးဖွဲ့ပါသည်။
အားလုံးကို လေးစားချစ်ခင်စွာဖြင့်
ချော(အစိမ်းရောင်လွင်ပြင်)

No comments:

Post a Comment