Thursday, January 6, 2011

. .

မလေးရှားရောက်ဗုဒ္ဓဘာသာဝင်များ အတွက် ဓမ္မရောင်ခြည်

၂၀၁၀၊၁၂လပိုင်း၊၂၄ရက်နေ့ ညနေလောက်မှာ ကျွန်တော့်တို့ မျိုးချစ်လူငယ်များအဖွဲ့ရဲ့ နာယက ဆရာတော်အရှင်နာရဒ
က ကျွန်တော်ဆီဖုန်းဆက်ပြီး ဘုန်းကြီးကျောင်းသစ်ဖွင့်ပွဲအတွက်အစည်းအဝေးကို လာခဲ့ပါလို့မိန့်ကြားပါတယ်။
ကျွန်တော်လည်းဆရာတော်နဲ့မတွေ့ရတာ ၈လလောက်ရှိပြီးဆိုတော့ တွေ့ချင်နေတာနဲ့ ကြိုးစားပြီးလာခဲ့ပါမယ်လို့လျောက်ထားလိုက်ပါတယ်။တကယ်တော့ ဆရာတော်ဟာ ကျွန်တော်တို့လူငယ်တွေလမ်းမှားမရောက်အောင်၊သူတပါးကိုကူညီတတ်အောင်၊ သည်းခံခွင့်လွှတ်တတ်အောင် အမြဲတမ်းဆိုဆုံးမလျက်ရှိပါတယ်။ကျွန်တော်တို့လူငယ် တွေအပေါ်မှာ နားလည်းခွင့်လွှတ်မှုအပြည့်နဲ့ ကျွန်တော်တို့လိုအပ်ချက်မှန်သမျှကို အမြဲကူညီနေကြပါ။
မလေးရှားမှာ ရောဂါအသည်းအသန်ဖြစ်နေပြီးဆေးရုံ၊ဆေးခန်းသွားပြဖို့ပိုက်ဆံမရှိတဲ့သူတွေကို လူအား၊ငွေအားနဲ့ကူညီပေးသလို ၊ ရဲအဖမ်းခံရပြီးအချုပ်ထဲရောက်နေတဲ့သူတွေကို ပြန်ထုတ်ဖို့
ပိုက်ဆံလိုအပ်ရင်လည်းလက်မနှေးဘဲ အမြဲကူညီနေကြပါ။အဲဒါကြောင့်လည်း ဆရာတော်ဆီမှာ
ကိုးကွယ်ပူဇော်ကြတဲ့ ဒကာ၊ဒကာမအားလုံးတညီတညွတ်ထဲပြောကြတာက ဒီလိုဆရာတော်နဲ့
သိခွင့်ရတဲ့အတွက် အင်မတန်ကံထူးတယ်၊လှူဒါန်းရကျိုးနပ်တယ်ဆိုပြီး ၀မ်းသာပီတိဖြစ်နေကြ
ပါတယ်။
၂၀၀၇ စက်တင်ဘာတော်လှန်ရေးတုန်းက တတ်နိုင်တဲ့ဖက်ကပါဝင်ခဲ့သလို၊လူပေါင်းသိန်းချီသေဆုံးပြီး၊သန်းနဲ့ချီ
ဒုက္ခရောက်ခဲ့ကြရတဲ့ နာဂစ်မုန်တိုင်းတုန်းကလည်း ဆရာတော်ရဲ့ တနိုင်တပိုင်လုပ်ဆောင်မှုတွေဟာ မရေမတွက်နိုင်အောင်ပါဘဲ။မြန်မာပြည်မှာရေရှားပါးတဲ့ပြသာနာနဲ့ ရင်ဆိုင်နေချိန်တုန်းကလည်း ဆရာတော်ဦးဆောင်ပြီး မလေးရှားရောက်မြန်မာတွေ အားတက်သရောနဲ့ ၀ိုင်းဝန်းကူညီကြပါတယ်။ဆရာတော်
ရဲ့ ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်ကြည့်ရင် အများအကျိုးအတွက်ဆိုတာ ထင်ထင်ရှားရှားတွေ့ရမှာပါ။
အခုလည်းဆရာတော်ကျောင်းသစ်ဖွင့်ဖို့စည်းဝေးပွဲရှိတယ်ဆိုတာနဲ့ ကျွန်တော်လည်းအလုပ်ကနေ နေ့တ၀က်ခွင့်
ယူပြီး ကျောင်းသစ်တည်ရှိတဲ့ တမန်ဆုံကိုင်း ဘာဆီ(Taman Sungei Besi) ကို ကားငှားလာခဲ့ပါတယ်။
ဟိုရောက်တော့ ဆရာတော်ကျောင်းကိုမသိသေးတာနဲ့ ကျောင်းရဲ့အနီးဆုံးနေရာလို့ဆရာတော်ပြောတဲ့
Public bank နားမှာပဲရပ်နေမိတယ်။ ခဏနေတော့ ဆရာတော်လူကြိုဖို့လွှတ်လိုက်တဲ့ ကိုမင်းမင်းစိုး ဆိုတဲ့အစ်ကိုနဲ့တွေ့ပြီးလိုက်သွားပါတယ်။ဆရာတော်ရဲ့ ကျောင်းသစ်က ၂လွှာမှာ တည်ရှိတာပါ။လှေကားအတိုင်း
၂လွှာအထိတက်သွားလိုက်တော့ အရင်ဆုံးတွေ့တာကတော့ အ၀င်အ၀ တံခါးမရောက်ခင် လှေကားအတက်အဆင်းနေရာ၊ကြမ်းခင်းကော်ဇောပေါ်မှာစနစ်တကျလုပ်ထားတဲ့ ဖိနပ်ချွှတ်တဲ့စင်လေးပါ။
အဲဒါနဲ့ လှေကားအတိုင်းဆက်တက်လာပြီး ကျောင်းခန်းထဲဝင်ဖို့ပြင်လိုက်တဲ့ အချိန်မှာ တံခါးဝကနေပြီး လှမ်းမြင်ရတာကတော့ အတွင်းဖက်နံရံပေါ်မှာ အစီအရီချိတ်ဆွဲထားတဲ့ ကျွန်တော်တို့ မျိုးချစ်လူငယ်များအဖွဲ့ရဲ့ နာယက ဆရာတော် အရှင်နာရဒအပါအ၀င် တခြားဆရာတော်ကြီးတွေရဲ့ ပုံတော်တွေကိုဖူးမြော်လိုက်ရပါတယ်။ကျွန်တော်စိတ်ထဲမှာပျော်ပျော်လည်းပျော် စိတ်အေးချမ်းပြီး အမောပြေသွားမိပါတယ်။
ကျွန်တော်လည်းရောက်ရောက်ခြင်း သပ္ပါယ်စရာကောင်းတဲ့ မဟာအတုလ ရုပ်ပွားတော်မြတ်ကို ရှစ်ခိုးကန်တော်ပြီး ဆရာတော်ကို ဦးသုံးကြိမ်ချလိုက်ပါတယ်။မတွေ့ရတာကြာပေမယ့်ဆရာတော်ကတော့
ဘာမှမပြောင်းလဲပါဘူး။ကျွန်တော်ရောက်တဲ့အချိန်မှာ လူမစုံသေးပါဘူး။အားလုံးပေါင်းမှ ၁၂ယောက်လောက်ပဲ
ရှိပါသေးတယ်။ဆရာတော်က ကျွန်တော်ကိုလူတစ်ယောက်နဲ့မိတ်ဆက်ပေးပါတယ်။နာမည်က ကိုရောဘတ်
လို့ခေါ်ပါတယ်။အသက်အရွယ်ကတော့ ၄၀ လောက်တော့ရှိမယ်ထင်ပါတယ်။ခင်မင်နှစ်သက်ဖို့ကောင်းတဲ့ အပြုံးနဲ့ ဖော်ဖော်ရွေရွေရှိလှပါတယ်။နောက်ပိုင်းသိရသလောက်တော့ ကိုရောဘတ်ဟာ ဒီကျောင်းသစ်ကြီးဖြစ်
ပေါ်လာဖို့ဆရာတော်ကို ၀ိုင်ဝန်းကူညီခဲ့တဲ့ဒါယကာမြတ်တစ်ဦးလို့သိရပါတယ်။အခုလည်း ကိုရောဘတ်ကမိမိနဲ့သိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ ကျောင်းခန်းထဲရောက်လာကြတဲ့ဧည့်သည်တွေအားလုံး
ကို သင့်တော်တဲ့နေရာမှာ ထိုင်ပြီးအနားယူဖို့နဲ့ အမောပြေ ဆလပ်ရွက်၊ဘူးသီးကြော်၊လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းသောက်ဖို့ လိုက်လံဧည်ဝတ်ပြုနေပါတယ်။အဲဒါကိုကြည့်ပြီး ကျွန်တော်စိတ်ထဲမှာ ဆရာတော်
အတွက်ဒီလိုအားကိုးထိုက်တဲ့ ဒကာရင်းတစ်ယောက်ရထားတာကို ၀မ်းသာဂုဏ်ယူနေမိပါတယ်။
ကျွန်တော်လည်းလူမစုံသေးတာနဲ့ ဆရာတော်ထံမှာခွင့်တောင်းပြီး လိုက်လံကြည့်ရှုနေပါတယ်။

ဟိုအရင်ဆရာတော်ကျောင်းတိုက်ဟာ ယခုဖွင့်လှစ်မယ့် ကျောင်းတိုက်ရဲ့ ၃ ပုံတစ်ပုံလောက်သာရှိပြီး အခုကျောင်းတိုက်သစ်ကတော့ အတော်လေးကျယ်ဝန်းပါတယ်။ကျွန်တော်အရင်ဆုံးကြည့်မိတာကတော့ မီးဖိုချောင်အခန်းလေးကိုပါ။သပ်သပ်ရပ်ရပ်နဲ့ ကျောင်းကိုလာရောက်လည်ပတ်တဲ့ ဧည့်သည်များအပေါ် စေတနာထားပြီး ချက်ပြုတ်ပေးနေတဲ့ စေတနာဝန်ထမ်းတွေကိုလည်းတွေရပါတယ်။မောပန်းမှုကို ဂရုမစိုက်ဘဲ
တစ်ဦးနှင့် တစ်ဦး မိသားစုဝင်တွေပမာ ရယ်ရယ်မောမောနဲ့ စနောက်နေကြတာ တွေ့ရတော့ သူတို့တွေနဲ့ ထပ်တူအလိုလိုနေရင်း ပျော်ရွှင်နေမိပါတယ်။


ရပ်ဝေးက ဧည့်သည်တွေ ဘုန်းကြီးကျောင်းကိုလာရောက်ဖူးမြော်ကြတဲ့အခါ အချိန်လင့်ပြီးမပြန်နိုင်သူများ
အတွက် ခေတ္တတည်းခိုနိုင်ဖို့ အခန်းတွေလည်းသန့်ရှင်းသပ်ရပ်စွာနဲ့ စီစဉ်ထားပေးပါတယ်။ ကျွန်တော်လိုက်ပြီးကြည့်နေတုန်း လူတွေလည်းစုံလာလို့ ဆရာတော်က ဆွေးနွေးပွဲ အခမ်းအနားကို စတင်ပါတယ်။ ခန့်မှန်းခြေ လူ ၄၀ လောက်ရှိပါတယ်။ ဆရာတော်က ကျောင်းဖွင့်ပွဲ့နေ့မှာ ကြိုဆိုဧည့်ခံဖို့နဲ့ အကျွေးအမွေးအတွက် ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ကြမလဲဆိုတာ မိန့်ကြားပေးပြီိး ကျွေးမွေးမှုနှင့် ကြိုဆိုရေးအတွက် ကြီးကြပ်ဖို့ကိုရောဘတ်ကို တာဝန်ပေးပြီး ချက်ပြုတ်တဲ့ အပိုင်းအတွက် မမြင့်မြင့်ဝင်းကိုဦး
ဆောင်စေပါတယ်။ဆရာတော်က တာဝန်ခွဲပေးလိုက်တာနဲ့ ကိုရောဘတ်နဲ့ မမြင့်မြင့်ဝင်းတို့ ဆွေးနွေးကြပြီး ထပ်ဆင့်တာဝန်ခွဲဝေမှုတွေကို ချက်ချင်းလုပ်ကြပါတယ်။ဖွင့်ပွဲနေ့မှာ ကျောင်းတိုက်ကိုလာရောက်တဲ့ဧည့်သည်
တွေထဲမှာ နေရာဒေသမသိတဲ့လူတွေပါလာရင် bus ကားမှတ်တိုင်၊ taxi ဂိတ်တို့မှာ သွားရောက်ကြိုဖို့ ရှေ့ပြေး
အကြိုတော် ၂ယောက်၊ကျောင်းခန်းမထဲဝင်ရောက်လာတဲ့အခါ နေရာထိုင်ခင်းပေးဖို့ ကြိုဆိုရေးက ၄ယောက်၊ရောက်လာတဲ့ ဧည်သည်တော်တွေ အတွက်ရေနွေးကြမ်း၊အကြော်နဲ့ အစားအသောက်ဧည့်ခံဖို့လူ ၆ယောက်၊ စားသောက်ပြီးတဲ့အခါ အချိုပွဲတွေစီစဉ်ပေးဖို့၂ယောက်၊ချက်ပြုတ်ဖို့အတွက် ညဆိုင်း၊နေ့ဆိုင်း ၂ဆိုင်းခွဲထားတဲ့ လူတွေနဲ့ ဆေးကြောသုတ်သင်ဖို့ တခြားကိစ္စတွေအတွက် လုပ်ဆောင်ဖို့ဆိုပြီး တာဝန်တွေ အသီးသီးခွဲဝေနေကြပါတယ်။ သူတို့တွေကိုကြည့်ပြီးဆရာတော်ကတော့ ပြုံးပြုံးနဲ့ခေါင်းညိတ်လိုက် တခြားလူတွေနဲ့ဆွေးနွေးလိုက်လုပ်နေပါတယ်။လူတွေအားလုံးရဲ့ မျက်နှာတွေပေါ်မှာ တက်ကြွရွှင်လန်းနေကြပြီး
ပေးအပ်လာတဲ့တာဝန်တွေကိုလဲ မငြီးမငြူဘဲ ကျေကျေနပ်နပ် လက်ခံကြပါတယ်။ကျွန်တော်လည်းသူတိုတွေကို
ကြည့်ပြီး ၀မ်းသာပီတိဖြစ်နေရပါတယ်။
မိနစ်၃၀ လောက်ကြာတော့တာဝန်ခွဲဝေမှုအပိုင်း ပြီးတာနဲ့ ဆရာတော်ကဆွေနွေးပွဲကို ပြန်စတင်ပါတော့တယ်။
ဆွေးနွေးပွဲ ဒုတိယအပိုင်းမှာတော့ ဆရာတော်က ဘာသာရေးကို အခြေခံပြီး၊ လူမှုရေးအသင်း အဖွဲ့တစ်ခုတည်ထောင်ဖို့ ပြောပြပါတယ်။ဆရာတော်က ဘာကြောင့်ဒီလူမှုရေးအသင်းအဖွဲ့ကိုတည်ထောင်ချင်
တယ်ဆိုတာရှင်းပြပါတယ်။ လွန်ခဲ့တဲ့ ၁ ပတ်လောက်က ဆရာတော်ကျောင်းဟောင်းကိုပြန်သွားတော့ ကျောင်းမှာလူနာတစ်ယောက်ရောက်နေပါတယ်။ဘေးကလူတွေကလည်း တတ်နိုင်သလောက်ဝိုင်းဝန်းပြုစုပေး
နေကြပါတယ်။အဲဒါနဲ့ဆရာတော်က လူနာအခြေအနေကြည့်ပြီး ဆေးရုံကို သွားဖို့မိန့်ကြားပါတယ်။ဒါပေမယ့်
အားလုံးက အင်မလုပ်၊အန်မလုပ်ဖြစ်နေပြီးငြိမ်နေတော့ ဆရာတော်က သေချာမေးမြန်းပါတယ်။နောက်ဆုံးမှ အဖြေထွက်လာတာကတော့ လူနာအတွက် ဆေးဖိုးနဲ့၊ဆေးရုံ၊ဆေးခန်းပြဖို့ငွေကြေးမရှိဘူးဆိုတာပေါ်လာပါ
တယ်။အဲဒါနဲ့ ဆရာတော်လည်းတော်တော်လေး စိတ်မကောင်းဖြစ်ပြီး ရင်းဂစ် ၅၀၀ ထုတ်ပေးပါတယ်။အဲဒီတော့မှ အားလုံးပျော်ရွှင်သွားကြပြီးဆေးရုံကိုသွားကြပါတယ်။ဆေးရုံမှာ ၃ရက်တင်ရပြီးထွက်လာတဲ့အဖြေကတော့ အသည်းကင်စာဖြစ်ပါတယ်။ဆေးရုံကဆင်းရင်အဲဒီလူနာကိုမြန်မာ
ပြန်ပို့မလား၊မလေးရှားမှာဘဲ ဆက်ထားပြီးဆေးကုမလားဆိုတဲ့ မေးခွန်းတွေထွက်လာပါတယ်။လူနာကို မြန်မာ
ပြည်ပြန်ပို့လည်းဆေးဝါးကုသဖို့ ငွေကြေးအင်အားမရှိတဲ့ အတွက် အခက်အခဲ့ဖြစ်ပြီး ပိုဆိုးဝါးစေနိုင်တဲ့အတွက်
မလေးရှားမှာဆက်ထားပြီး ဆေးကုပေးဖို့ဆရာတော်က ဆုံးဖြတ်ပေးလိုက်ပါတယ်။အဲဒီဖြစ်ပြီးနောက်ပိုင်းမှာ
ဆရာတော်စဉ်းစားပြီး ဘာသာရေးကိုအခြေခံတဲ့ လူမှုထောက်ကူပြုအသင်းအဖွဲ့တစ်ခု မလေးရှားမှာ ခိုင်ခိုင်မာမာ ဖွဲ့စည်းပြီး ဒုက္ခရောက်နေတဲ့သူတွေ၊ရောဂါဖြစ်ပြီး ငွေကြေးမရှိလို့ ဆေးရုံးမတင်နိုင်တဲ့သူတွေ၊ ရဲဖမ်းခံရပြီး အချုပ်ထဲမှာ ကယ်သူမရှိတဲ့သူတွေနဲ့ ပညာရေးအခြေခံကောင်းပြီး ငွေကြေးမတတ်နိုင်လို့ ပညာမသင်နိုင်တဲ့ သူတွေအားလုံးကို တတ်နိုင်သလောက်ကူညီထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါကြောင့်
ဒီအသင်းအဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ဆရာတော်က မိန့်ကြားပါတယ်။

ဆရာတော်က ဒီအသင်းအဖွဲ့နာမည်ကို ဗုဒ္ဓသာသနာနုဂ္ဂဟ အသင်းလို့အမည်ပေးထားပါတယ်။အသင်းရံပုံငွေ အတွက် ဆရာတော်က US ဒေါ်လာ ၁၀၀၀ တိတိကို မတည်ပေးပါတယ်။လစဉ်ကြေးအနေနဲ့ ၁လကို မလေးရှားရင်းဂစ် ၁၀ သာပေး ရပါမယ်။အဲ့ဒီရရှိလာတဲ့ငွေကြေးတွေအားလုံးကို အသင်းဝင်တွေအတွက် အသုံးပြုပေးမှာပါ၊သည့်အပြင်ဆရာတော်က အသင်းစတင်ဖွဲ့စည်းတဲ့ ပထမဆုံး၁ နှစ်တာကာလမှာ ရရှိလာတဲ့
အဖွဲဝင်ကြေးတွေကိုလုံးဝ အသုံးမပြုဘဲ ၁နှစ်တိတိ စုထားပေးမှာပါ။အကယ်၍ ထိုကာလအတွင်း အခက်အခဲရှိသူများအားလုံးအတွက် လိုအပ်တဲ့ငွေကြေးအားလုံးကို ဆရာတော်ကမိမိရဲ့ သီးသန့်ငွေကြေးမှ ထုတ်ပေးမှာပါ။အသင်းဝင်းကြေးတွေကို ထိန်းသိမ်းဖို့ အတွက် ဦးဇင်းတစ်ပါးကိုတာဝန်းပေးထားပါတယ်။အသင်းဥက္ကဌ အဖြစ်နဲ့ ကိုရောဘတ်ယာယီတာဝန်
ယူပေးထားပါတယ်။အသင်းရဲ့ဖွဲစည်းပုံအရ တချို့တာဝန်တွေကို သံယာတော်တွေက တာဝန်ယူ
ထားပေးပါတယ်။

ဆရာတော်လည်းဆွေးနွေးပွဲပြီးတာနဲ့ မိန့်ကြားစရာရှိတာတွေကိုမိန့်ကြားပြီး အားလုံးကို ပြန်ခွင့်ပြုလိုက်ပါတယ်။ဆရာတော်က ကျွန်တော်ကို ခေါ်ပြီး ဖွင့်ပွဲ့အခမ်းအနားမှာ မြန်မာလူမျိုးတွေအပြင်၊ NOBEL MALAYSIA MYANMAR ASSOCIATION ကမလေးရှားလူမျိုးတွေမှာ တက်ရောက်မှာဖြစ်တဲ့ အတွက် အခမ်းအနားအစီအစဉ်ကြေငြာတာကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ကြေငြာချင်ကြောင်း မိန့်ကြားပါတယ်။ အဲဒီအတွက် အစီအစဉ်စာရွက်ကို အင်္ဂလိပ်လိုဘာသာပြန်ပေးဖို့ တာဝန်ပေးလိုက်ပါတယ်။
ကျွန်တော်လည်း အဲဒီလောက်အထိ ကျွမ်းကျင်မှုမရှိတော့ ရင်းနှီးတဲ့သူငယ်ချင်းတွေ ကိုအကူအညီလှမ်းတောင်းရပါတယ်။ပထမဆုံး စင်္ကာပူမှာ အခြေချနေပြီးကျောင်းတက်နေတဲ့ ကျွန်တော်ရဲ့တူ
ဖြစ်တဲ့ စလင်းထက်လွင် နဲ့ ထိုင်းနိုင်ငံမှာရှိ ကျွန်တော်နဲ့ ညီအစ်ကိုလိုခင်ရတဲ့ အမည်မဖော်လိုတဲ့ သူငယ်ချင်းတစ်ယောက်က အကူအညီပေးကြပါတယ်။သူတို့နှစ်ယောက်လည်း အလုပ်မအားတဲ့ကြားက ညနက်တဲ့အထိ စာတွေကိုဘာသာပြန်ပေးလိုက်ပါတယ်။ထိုင်းက သူငယ်ချင်းက ပိုဒုက္ခခံရပါတယ်။ဘာကြောင့်လဲဆိုတော့ ကျောင်းသစ်ဖွင့်ပွဲ မှာဆရာတော်ပြောမယ့် ကျေးဇူးတင်စကားကိုပါ ဘာသာပြန်ပေးရလို့ပါ။
အခုဆို ဆရာတော်ဦးဆောင်တဲ့ ဗုဒ္ဓသာသနာနုဂ္ဂဟ အသင်းဟာ ဖွဲ့စည်းလို့ရက်ပိုင်းအတွင်းမှာပဲ
အသင်းဝင် ရာပေါင်းများစွာရှိလာပြီးဖြစ်ပါတယ်။

****မလေးရှားမှာ ရှိတဲ့ မြန်မာလူမျိုးတွေ အားလုံးကို ဆရာတော်က ကျောင်းဖွင့်ပွဲနေ့မှာ လာရောက်စေချင်ပါတယ်။အဲဒါကြောင့် ဖိတ်စာ မရရှိတဲ့ သူငယ်ချင်းတွေ အားလုံးသွားလို့ လွယ်ကူအောင်
လိပ်စာရေးပေးလိုက်ပါတယ်။

၁။နေ့ရက်........................................ ၉ - ၁ - ၂၀၁၁

၂။အချိန်......................................... နံနက် ၉ နာရီ မှ နေ့လည် ၁ နာရီထိ

၃။နေရာ..........................................2nd floor 37/jalan 3/108c
Taman sungei besi
57100 kuala lumpur

၎။လမ်းညွှန်.................................... Bus Metro 8/22/U41/U432
တိုးဂိတ်ဟောင်း မှတ်တိုင်ဆင်း
ပတ်ပလစ် ဘဏ်ဘေး။
၅။ဆက်သွယ်ရန်............................. ကိုဇော်မင်း - 016 2410 833
ကိုရောဘတ် - 012 9732 301
ဒေါ်မြင့်မြင့်ဝင်း - 017 2037 571

No comments:

Post a Comment